နေပြည်တော်၊ ဒီဇင်ဘာ ၁၈
တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူမိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်ဆေးတက္ကသိုလ်၊ စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၄)မှ အောင်စစ်သည်ဆု ရရှိသူ ဗိုလ်လောင်း အောင်ကျော်မင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း စောပြည့်အောင် နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း နိုင်ရဲလှတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က သင်တန်းဆင်း မိန့်ခွန်း ပြောကြားရာတွင် တပ်မတော် ဆေးတက္ကသိုလ်ကို “တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိများ မွေးထုတ်ပေးရန်” ဟူသည့် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပြင် ပေးအပ်လာသည့် တာဝန်များကို ကျရာကဏ္ဍအလိုက် အင်တိုက်အားတိုက် တာဝန် ထမ်းဆောင်နေကြသည်ကို ဂုဏ်ယူဖွယ်ရာ တွေ့မြင်ကြ ရမည်ဖြစ်ကြောင်း။

အကောင်အထည်ဖော်လျက်ရှိ
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ ရည်မှန်းချက် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် “တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာဖူလုံရေး”ကို အမျိုး သားရေး လုပ်ငန်းစဉ်(၂)ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်းပြီး အာဟာရပြည့်ဝသည့် အမယ်စုံလင်သော စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ခြင်းသည် တိုင်းပြည်စီးပွားရေးကို မြှင့်တင်ခြင်းဖြစ်သကဲ့သို့ စားနပ်ရိက္ခာလုံခြုံရေး (Food Security)ကို များစွာအထောက်အကူပြုနိုင် မည်ပင်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် စိုက်ပျိုးမြေ ဧရိယာကျယ်ပြန့်ခြင်း၊ လူဦးရေသင့်တင့်မျှတခြင်း၊ ရာသီဥတု သမမျှတခြင်းတို့ ရှိသည့်အတွက် အခြေခံအားဖြင့် စားနပ်ရိက္ခာ ဖူလုံလုံခြုံမှုရှိသည်ဟု ဆိုနိုင်သော်လည်း နိုင်ငံသားတစ်ဦးချင်းစီ အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အစားအစာများကို သင့်တင့် မျှတအောင် ရွေးချယ်စားသုံးနိုင်မှု အလေ့အထ အားနည်းသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆေးဝန်ထမ်းတပ်ဖွဲ့ ဝင်များအနေဖြင့်လည်း မိမိတို့တာဝန်ကျရာ ဒေသအသီးသီးကို သွားရောက် တာဝန်ထမ်းဆောင်သည့်အခါ စားသောက်နေထိုင်မှုပုံစံကို ကျန်းမာရေးနှင့် ညီညွတ်မျှတအောင် အသိပညာပေးခြင်း၊ ပြုပြင်ပေးခြင်းများကို ဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
မိမိတို့နိုင်ငံ၌ ၂၀၂၃ ခုနှစ် မိုခါ ဆိုင်ကလုန်းမုန်တိုင်း တွေ့ကြုံချိန်တွင် ကြိုတင်ပြင်ဆင်မှုများ အားကောင်းခဲ့သဖြင့် ထိခိုက်ဆုံးရှုံးမှု နည်းပါးခဲ့သည်ကို မြင်တွေ့ကြရမည်ဖြစ်ကြောင်း၊ မုန်တိုင်း တိုက်ခတ်ချိန်ကစပြီး ပြန်လည်ထူထောင်ရေးလုပ်သည့် အချိန်ထိမုန်တိုင်းဒဏ်ဘေးသင့် ပြည်သူ များအတွက်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအနေဖြင့် ရောဂါကာကွယ် နှိမ်နင်းရေး ဆေးအဖွဲ့ ငါးဖွဲ့ဖြင့် မုန်တိုင်းဒဏ်ဘေးသင့် ဒေသများတွင် သဘာဝဘေးအလွန် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမရှိအောင် ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာတိုင်း မိမိတို့တပ်မတော်သည် ကူညီဆောင်ရွက်ပေးရန် အမြဲအသင့်ရှိနေသော ကြောင့် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တိုင်းတွင် ဆေးမှူးများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့များသည် ရှေ့တန်းမှ တက်တက်ကြွကြွ ပါဝင်ခဲ့သည်ကို တွေ့မြင်ရမည်ပင်ဖြစ်ကြောင်း။

ကျန်းမာရေးကဏ္ဍကိုအလေးထားမြှင့်တင်လျက်ရှိ
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်အနက် လူမှုရေး ဦးတည်ချက် ဒုတိယအချက်မှာ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူ အားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူ၍ ဖြစ်ပြီး နိုင်ငံသူနိုင်ငံသားများ ကျန်းမာစွာ အသက်ရှင်နေထိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်း။
ထို့ကြောင့် တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် နယ်လှည့်အထူးကု ဆေးအဖွဲ့များဖြင့် နိုင်ငံအဝန်း လိုက်လံ ကုသပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း နယ်လှည့် ဆေးကုသရေးယာဉ်များနှင့် ကျေးလက်နေ ပြည်သူများကို အခမဲ့ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပင်လယ်သွား ဆေးရုံရေယာဉ်၊ မြစ်တွင်းသွား ဆေးရုံရေယာဉ်တို့ဖြင့် ဒေသခံပြည်သူလူထု စုစုပေါင်း ကိုးသိန်းကျော်ကို သွားရောဂါ၊ မျက်စိရောဂါ အပါအဝင် ကလေးရောဂါ၊ ခွဲစိတ်ကုသမှုရောဂါနှင့် ဆေးကုသမှုဆိုင်ရာ ရောဂါများကို ကုသဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ နိုင်ငံအဝန်း ကျေးလက်ဒေသများအထိ သွားရောက်ပြီး ရောဂါဝေဒနာ ခံစားနေရသည့် ပြည်သူများကို လိုအပ်သည့် စမ်းသပ်ကုသမှုနှင့် ခွဲစိတ် ကုသမှုများကို အခမဲ့ဆောင်ရွက်ပေးနေခြင်းသည် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကို မိမိတို့ တပ်မတော်အနေဖြင့် စေတနာမေတ္တာအမှန်ဖြင့် ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း။
ယနေ့ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြိုကွဲစေရေးအတွက် ပြည်ပနိုင်ငံအချို့၏ ထောက်ပံ့မှုများနှင့် အစွန်းရောက် ပြည်ပြေးနိုင်ငံရေး သမားများက ငြိမ်းချမ်းရေးကို မလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် ပူးပေါင်းပြီး အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ လုပ်ဆောင်သည့်နေရာတွင် ဆင်ခြင်တုံတရားမဲ့စွာ စစ်ဘက်နှင့်မသက်ဆိုင်သည့် ကျန်းမာရေးကဏ္ဍကိုလည်း ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်နေသည်ကို မြင်တွေ့ကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံတော်က ဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် နိုင်ငံတော်၏ ကျန်းမာရေး စောင့်ရှောက်မှု၊ ယန္တရားလည်ပတ်မှု ရပ်တန့်သွား စေရေးအတွက် ဆရာဝန်၊ သူနာပြု များအပါအဝင် ကျန်းမာရေး ဝန်ထမ်းများကို CDM ပြုလုပ်လာအောင် သွေးဆောင်ဖြားယောင်းခြင်း၊ ဖိအားပေး အကျပ်ကိုင်ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း၊ အချို့သော ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လိုက်နာကျင့်ကြံရမည့် ကတိသစ္စာကို ဖောက်ဖျက်ခဲ့ကြသဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟာမှုများ ဖြစ်ပေါ်ခဲ့ပြီး မိမိတို့ တပ်မတော်သား ပါရဂူ၊ ဆရာဝန်နှင့် သူနာပြုများက ဝင်ရောက်တာဝန်ထမ်းဆောင် ပေးခဲ့ရကြောင်း။
ထို့အပြင် အကြမ်းဖက်သမားများသည် မိဘပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးနှင့် မိသားစုဘဝ လုံခြုံရေးအတွက် အလွန်အန္တရာယ်ကြီးမားသည့် လုပ်ရပ်များဖြစ်သော ဆေးရုံ၊ ဆေးပေးခန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ကြသည့်အပြင် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေး ဝန်ထမ်းများကိုလည်း ခြိမ်းခြောက်ခြင်း၊ ဖိအားပေးအနိုင်ကျင့်ခြင်းများ၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့ကြကြောင်း၊ ယင်းလုပ်ရပ်များသည် အစွန်းရောက် အကြမ်းဖက်လုပ်ရပ်များဖြစ်သည့်အတွက် မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံနိုင်သကဲ့သို့ မြန်မာ့လူ့အဖွဲ့ အစည်းတွင်လည်း လက်မခံ နိင်သည့် လုပ်ရပ်များဖြစ်ကြောင်း။
မိဘပြည်သူများကို ကာကွယ်စောင့်ရှောက်
မိဘပြည်သူများ၏ ကျန်းမာရေးကဏ္ဍအပေါ် ဦးတည်ချက်ထား တိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏ လူသားအရင်းအမြစ်စွမ်းအား ပြိုလဲအောင်တိုက်ခိုက်ခြင်း ဖြစ်သကဲ့သို့ အပြစ်မဲ့ပြည်သူလူထုကို ဦးတည်ပြီး သစ္စာမဲ့စွာ အကြမ်းဖက် တိုက်ခိုက်ခြင်းပင်ဖြစ်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ ကျန်းမာရေးဝန်ထမ်းများအပေါ် ပြုလုပ်ခဲ့သည့် ဆိုးရွားသည့် ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာ ယူသိရှိနားလည်ပြီး လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်သည့်အခါ တပ်မတော်သား ဆရာဝန် စစ်သည်တော်ကောင်းများပီပီ မိမိတတ်ကျွမ်းသည့် ဆေးပညာဖြင့်သာမက လုံခြုံရေးသတိ၊ နိုင်ငံရေး အသိမှန်များဖြင့် မိဘပြည်သူများကို ကာကွယ်စောင့်ရှောက်သွားကြရန် မှာကြားလိုကြောင်း။ ရောဂါကုသမှုများအတွက် တပ်မတော်ဆေးရုံများကို အဆင့်မြှင့်တင်ပေးခဲ့ရာတွင် ကျောက်ကပ်အစားထိုး ကုသနိုင်သည့် ဆေးရုံ လေးခု၊ အသည်း အစားထိုးကုသနိုင်သည့် ဆေးရုံ တစ်ခု၊ နှလုံးရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ ကုသနိုင်သည့် ဆေးရုံ လေးခု၊ နှလုံးခွဲစိတ်ကုသ နိုင်သည့် ဆေးရုံ နှစ်ခု၊ အစာအိမ် အူလမ်းကြောင်းကို မှန်ပြောင်းဖြင့် ခွဲစိတ် ကုသနိုင်သည့်ဆေးရုံ ငါးခု အထိရှိလာပြီဖြစ်ကြောင်း။
ထိုကဲ့သို့ တပ်မတော်ဆေးရုံများကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့သောကြောင့် တပ်မတော်အနေဖြင့် ကျောက်ကပ်အစားထိုး လဲလှယ်ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်း၊ နှလုံးခုန်နှုန်း ထိန်းညှိစက်ထည့်ခြင်း၊ နှလုံးသွေးကြော Stent ထည့် ကုသခြင်း၊ ဦးနှောက်နှင့် ရင်ခေါင်းခွဲစိတ်ကုသခြင်းများကို တပ်မတော် သားအရာရှိ၊ စစ်သည်၊ မိသားစုဝင်များသာမက အရပ်သားပြည်သူများကိုပါ အောင်မြင်စွာကုသပေး နိုင်ခဲ့သဖြင့် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးမှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမည် ဖြစ်ကြောင်း။
ထို့ပြင် တပ်မတော်သား ဆရာဝန်များဖြစ်သကဲ့သို့ စစ်ဘက်ခေါင်းဆောင်ငယ်များလည်း ဖြစ်သည့်အတွက် မိမိကိုယ်ကို ခေါင်းဆောင်မှု အရည်အချင်းနှင့် ပြည်စုံနေအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှုပေးပြီး မိမိတပ်ဖွဲ့ဝင်များနှင့်အတူ ပေးအပ်လာသည့် ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြရမည်၊ ရဲစွမ်းသတ္တိနှင့်ပြည့်ဝသည့် တပ်မတော်သား ခေါင်းဆောင်ငယ်ကောင်းများဖြစ်ရန် လိုသကဲ့သို့ ဆရာဝန်ဖြစ်သည့်အလျောက် မြင့်မြတ်သည့်စိတ်ထား ကူညီရိုင်းပင်းသည့် နှလုံးရည်နှင့် ပြည့်ဝရန်လိုအပ်ကြောင်း၊ တစ်နည်းအား ဖြင့်ပြောရမည်ဆိုပါက လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ခေါင်းဆောင်ကောင်းများဖြစ်ရန် “ပညာပြည့်ဝ၊ နှလုံးလှ” အောင် မိမိကိုယ်ကို အမြဲလေ့ကျင့် တည်ဆောက်သွားကြရန် လိုအပ်သကဲ့သို့ ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်း အစဉ်အလာကောင်းများကိုလည်း “သမားဇာနည် အောင်စစ်သည်” ဟူသည့်အတိုင်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဟု အလေးအနက်ထား တိုက်တွန်းမှာကြားလို ကြောင်း။
အမျိုးသားရေးစိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက်
သမားဇာနည်များ မွေးဖွားပေး ရာဖြစ်သည့် တပ်မတော်ဆေး တက္ကသိုလ်က သင်ကြားပေးလိုက်သော ဆေးသိပ္ပံပညာရပ်နှင့် တိုင်းရင်းသား ပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့် ရှောက်မှုနှင့် အသိပညာမျှဝေပေးမှု၊ ဆေးကုသမှုလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချဆောင်ရွက် သွားကြရန်၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ဆေးသိပ္ပံပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူး သုတေသနပြုပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင် တတ်မြောက်သည့် ဆေးပညာရှင် ဆရာဝန် အရာရှိကောင်းများဖြစ်အောင် ကြိုးစားလုပ်ဆောင် သွားကြရန်၊ တာဝန်ကျရာတပ်၊ ဒေသအသီးသီးတွင် တာဝန်ကျေပွန်ပြီး မိမိတို့တတ်ကျွမ်းသည့် ဆေးပညာနှင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများအပြင် နိုင်ငံတော်တည်ဆောက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အမျိုးသားရေး စိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရန် နှင့် တပ်မတော်သားခေါင်းဆောင်ငယ် ဆရာဝန်ဆေးမှူးများဖြစ်သဖြင့် မြင့်မြတ်သည့် စိတ်ထား၊ ကူညီရိုင်းပင်းသည့် နှလုံးရည်၊ ကြံ့ခိုင်သည့် ရဲစွမ်းသတ္တိများ ပြည့်စုံပြီး နိုင်ငံတော်နှင့် တပ်မတော်က ယုံကြည်အားထား ရသည့် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသော ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများဖြစ်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆု ရရှိကြသည့် ဗိုလ်လောင်းများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

စဉ်ဆက်မပြတ်ကြိုးစားအားထုတ်
ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိကြသည့်အတွက် မိဘများနှင့် ထပ်တူ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သင်တန်းကာလ တစ်လျှောက်လုံး မျှော်မှန်းချက်၊ ရည်မှန်းချက်ရှိစွာဖြင့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် အစဉ်တစိုက် ကြိုးစားအားထုတ်ခဲ့ပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနှင့် နေထိုင်ခဲ့မှုကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိခဲ့ခြင်းဖြစ်သဖြင့် ကောင်းမွန်သည့် အခြေခံကောင်းများ ရှိခဲ့ပြီးဖြစ်ကြောင်း၊ အခြေခံပညာ အထက်တန်းပညာကို မြင့်မားသောရမှတ်များဖြင့် အောင်မြင်ခဲ့သည့် အခြေခံကောင်းများကို ယခုတက္ကသိုလ်ပညာရပ်များ ဆည်းပူးရာတွင်လည်း ဆက် လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ကြိုးစားခဲ့သောကြောင့် ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ဖြစ်သဖြင့် ရှေ့ဆက်လက် လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်တွင်လည်း မိမိတို့၏ ရည်မှန်းချက်များ မပျောက်ပျက်၊ မယိမ်းယိုင်စေရေးအတွက် ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကြိုးစားအားထုတ်မှု ရှိမှသာလျှင် ဘဝရပ်တည်မှုများ မြင့်မားမည်ဖြစ်ပြီး မိမိတို့၏ ရည်မှန်းချက်ပန်းတိုင် မပျောက်စေရေးအတွက် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းအားထုတ်သွားရန်နှင့် မိမိကိုယ်ကို စောင့်ထိန်း နေထိုင်သွားကြရန် လိုကြောင်း၊ ငယ်စဉ်ကလေးဘဝမှ တက္ကသိုလ်ရောက်သည်အထိ ကျွေးမွေး စောင့်ရှောက် သွန်သင်ပေးခဲ့သည့် ကြီးမားလှသည့် မိဘဆရာတို့၏ ဂုဏ်ကျေးဇူးကို သိတတ်နားလည် ကျေးဇူးဆပ်ရမည် ဖြစ်သကဲ့သို့ အသိပညာများနှင့် အတတ်ပညာများကို သင်ကြားပေးလိုက်သည့် တပ်မတော် ဆေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ တပ်မတော်နှင့် နိုင်ငံတော်၏ ဂုဏ်ကျေးဇူးကိုလည်း စစ်သားကောင်းတစ်ဦး၊ ဆရာဝန်ကောင်းတစ်ဦးပီသစွာ နေထိုင်ကျင့်ကြံခြင်း၊ မိမိကိုယ်ကို တန်ဖိုးထား၍ ဆက်လက်တိုးတက် အောင်နေထိုင်ခြင်း၊ သစ္စာရှိရှိဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခြင်းတို့ဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ လူသားတစ်ဦးတွင် ရှိသင့်သည့် ကျင့်ဝတ်သိက္ခာများကို စောင့်ထိန်းပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကာ ကိုယ်ကျင့်တရား ကောင်းပြီး အောင်မြင်သူများဖြစ်အောင် မိမိဘဝကို မိမိကြိုးစားတည်ဆောက် နေထိုင်ကျင့်ကြံရမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်