နေပြည်တော်၊ ဒီဇင်ဘာ ၁၈
မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် လမ်းသွားလမ်းလာပြည်သူများကို တပ်ဖွဲ့ဝင်များက စစ်ဆေးမှုပြုလုပ်ပြီး မှတ်ပုံတင်မပြနိုင်ပါက ငွေကျပ်တစ်သောင်း ပေးဆောင်ရန် ဒဏ်ငွေရိုက်နေသည်ဟု တရားမဝင် ပြည်ဖျက် မီဒီယာတစ်ခုဖြစ်သည့် Delta News Agency က မဟုတ်မမှန် ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ငွေကြေးတစ်စုံတစ်ရာ တောင်းခံမှုမရှိ
အဆိုပါသတင်းနှင့်ပတ်သက်၍ မော်လမြိုင်မြို့ရှိ ဒေသခံပြည်သူများ၏ ပြောပြချက်အရ မော်လမြိုင်မြို့ထဲတွင် တပ်ဖွဲ့ဝင်များအနေဖြင့် သီးခြားစစ်ဆေးခြင်းမရှိကြောင်း၊ မှတ်ပုံတင်မပြနိုင်ပါက ဒဏ်ရိုက်သည်ဟုဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း၊ ရုံးပိတ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေနေ့တို့တွင် ဌာနဆိုင်ရာအဖွဲ့စုံဖြင့် လမ်းဆုံလမ်းခွများတွင် ရှောင်တခင်စစ်ဆေးခြင်းများသာ တွေ့ရှိရကြောင်း နှင့် ငွေကြေးတစ်စုံတစ်ရာ တောင်းခံမှုမရှိကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ အဆိုပါသတင်းသည် ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူများ နေ့စဉ်ပုံမှန် လှုပ်ရှားသွားလာနေမှုများတွင် စိုးရိမ်ပူပန်စိတ်များဖြစ်ပေါ်လာစေရန်အတွက် မဟုတ်မမှန် ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်သည်။
သတင်းစဉ်