နေပြည်တော် ဒီဇင်ဘာ ၁၉

 

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ ကြီးမှူး၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထောက်အပံ့ဖြင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် အခြေအနေများကို ပြန်လည်သုံးသပ်ပြီး အနာဂတ် အစီအမံများရေးဆွဲခြင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားသို့  ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ၊ ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ် ပါမောက္ခချုပ် များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ကျန်းမာရေး ပညာရပ်ဆိုင်ရာကောင်စီများမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု၊  ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးနေမှုနှင့် ကျန်းမာရေးလူ့စွမ်းအားအစီအမံများအတွက် လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို ပြောကြားသည်။

 

ထို့နောက် ဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ခိုင်ဦးက ပထမအကြိမ်နှင့် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲများမှ တွေ့ရှိချက်များ၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးညွန့် က ဦးစီးဌာနများ အကြားအလုပ်ရုံဆွေးနွေးပွဲမှ ထွက်ရှိလာသော အဆိုပြုအနာဂတ်အစီအမံ များ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇေယျာဝင်းက National Health Workforce Account ဆိုင်ရာ အချက်အလက်များနှင့် WHO Local Consultant ဒေါက်တာတင်တင်လေးက ကျန်းမာရေး လူစွမ်းအားအနာဂတ်အစီအမံများအတွက် လိုအပ်ချက်များနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

 

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်အေးက မြန်မာနိုင်ငံ ဆေးကောင်စီ၏ ဆေးတက္ကသိုလ်များအတွက် အရည်အသွေးအသိအမှတ်ပြု (Accreditation) ဆိုင်ရာ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာတင်ထွန်းလှက မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးကောင်စီ၏ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် များအတွက် အရည်အသွေးအသိအမှတ်ပြု (Accreditation)ဆိုင်ရာ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီကိုယ်စား ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးလှိုင်က မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၏ သူနာပြုတက္ကသိုလ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများအတွက် အရည်အသွေး အသိအမှတ်ပြု(Accreditation)ဆိုင်ရာ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာဝင်းစိုးက မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၏ တိုင်းရင်းဆေးပညာရှင်များကဏ္ဍ အရည်အသွေး တိုးတက်စေရေး ဆောင်ရွက်နေမှု၊ ဆေးတက္ကသိုလ်(၁) ရန်ကုန် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာခင်မာမြင့်က အရည်အသွေးပြည့်ဝသောဆရာဝန်များ မွေးထုတ်နိုင်ရေး နိုင်ငံတကာအဆင့်မီ မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းပြောင်းလဲ အကောင်အထည်ဖော်မှုနှင့် ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးလှိုင်က အရည်အသွေး ပြည့်ဝသော သူနာပြုများနှင့်သားဖွားများ မွေးထုတ်နိုင်ရေး မျှော်မှန်းရလဒ်အခြေခံသော သင်ရိုးညွှန်းတမ်း ပြောင်းလဲကျင့်သုံးမှုတို့ကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခြင်း များ ဆောင်ရွက်ကြသည်။

 

အစည်းအဝေးကို ဒီဇင်ဘာ ၁၉ မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်၏ အမျိုးသား ကျန်းမာရေး မြှင့်တင်မှုအခန်းကဏ္ဍတွင် အရေးကြီးသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်ရှိအခြေအနေ၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ဆွေးနွေးပြီး အမျိုးသား ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် မူဝါဒနှင့်လိုက်လျောညီထွေရှိသော အနာဂတ်အစီအမံများ ချမှတ်နိုင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)