နေပြည်တော် ဒီဇင်ဘာ ၁၉

 

နေပြည်တော် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

 

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် အထူးအလေးထား ကြပ်မတ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ တရားမဝင် ကုန်ပစ္စည်းများနှင့် စက်သုံးဆီများ တရားမဝင်ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်ကြောင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှု မရှိစေရေး၊ ဖမ်းဆီးရမိသည့် လိုင်စင်ရှိ/ လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်နှင့် စက်ပစ္စည်းများကို လုပ်ထုံးလုပ်နည်း နှင့်အညီ အမြန်ဆုံးအပ်နှံနိုင်ရေး၊ ဖမ်းဆီးရမိပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ တာဝန်ကျ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်လိုကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်သတ်မှတ်ပြီး အားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းများမရှိစေရေး ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး တက်ရောက်၍ အမှာစကား ပြောကြားသည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ ဆပ်ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို ရှင်းလင်း တင်ပြကြပြီး ဆပ်ကော်မတီနှင့် လုပ်ငန်းအဖွဲ့များအလိုက် တာဝန်ရှိသူများက အကြံပြုဆွေးနွေးကြကာ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

(သတင်းစဉ်)