ရန်ကုန် ဒီဇင်ဘာ ၁၉
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာ မြင့်သူမြိုင်နှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ယနေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ရန်ကုန် မျက်မမြင်ကျောင်း(ခဝဲခြံ)ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် သင်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာ ကျွေးမွေးမှု၊ အိပ်ဆောင်များထားရှိမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြုစုစောင့်ရှောက်ပေးမှုနှင့် မျက်မမြင်များကို ပညာအခြေခံတိုးမြင့်လာစေရန် လေ့ကျင့်ပေးနေမှု၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခွင့်၊ ဂီတပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများရရှိစေရန် ဆောင်ရွက်ပေးမှုနှင့် ဒုတိယနှစ်ဝက်စာမေးပွဲဖြေဆိုနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ) စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)