နေပြည်တော် ဒီဇင်ဘာ ၁၉
အာဆီယံ - ဂျပန် ဗဟိုဌာန၏ ကူညီထောက်ပံ့မှုဖြင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်း(၃)မျိုး ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Sedona ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုဖွင့်လှစ်သည့်သင်တန်း၌ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း (၃)မျိုးဖြစ်သော ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းမှု သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းတို့ပါဝင်ကြောင်း၊ ယခုကဲ့သို့ သင်တန်းကို ပုဂံမြို့တွင်လည်း ဖွင့်လှစ်ပို့ချ လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အာဆီယံ-ဂျပန် ဗဟိုဌာနနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများစွာရှိကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သင်တန်းများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ပေးလျက်ရှိကြောင်း။
သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချပေးသော စာတွေ့/လက်တွေ့ ဘာသာရပ်များကို စနစ်တကျ လေ့လာသင်ယူကြပြီး လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေး ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သင်တန်းအလိုက် သင်ကြားပို့ချနေမှုအခြေအနေကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည့် ဧည့်လမ်းညွှန်(အခြေခံ) သင်တန်းအမှတ်စဉ်(၆၄) သင်တန်း ဖွင့်ပွဲသို့ တက်ရောက်၍ ဝန်ကြီးဌာနမှ National Guide သင်တန်းများ၊ Regional Guide သင်တန်းများ ဖွင့်လှစ်ပေးနေမှု၊ ဧည့်လမ်းညွှန်လိုင်စင် သက်တမ်းလွန်သူများအတွက် မွမ်းမံသင်တန်းများ ဖွင့်လှစ် ပေးနေမှု၊ ဧည့်လမ်းညွှန်တစ် ယောက်လိုက်နာရမည့် ကျင့်ဝတ်များနှင့် အရေးပါမှုများ၊ ဧည့်လမ်းညွှန် ကောင်းများဖြစ်အောင် ကြိုးစားလေ့လာသွားကြရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ-၂၀၂၂ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သော မုန့်ဖုတ်သင်တန်း ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် လက်တွေ့သင်ကြားပေးနေမှုကို လှည့်လည်ကြည့်ရှုခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)