စစ်ကိုင်း ဒီဇင်ဘာ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသနှင့် ရွှေဘိုကျောက်မြောင်းတွင် ဧရာဝတီမြစ်အတွင်း နိုင်ငံခြားသားခရီးသွားများ ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်း၌ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူး‌ပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)၊ ဟိုတယ် တည်းခိုရိပ်သာ လုပ်ငန်းရှင်များအသင်းနှင့် ရေလုပ်ငန်းရှင်တစ်ဦးတို့ ပူးပေါင်း၍ ခရီးသွားရာသီတွင် လင်းပိုင်နှင့် သဘာဝအလှကိုချစ်မြတ်နိုးသည် နိုင်ငံခြားသားခရီးသွားများ ကြည့်ရှုလေ့လာနိုင်ရန် ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ်ကို ‌ရေးဆွဲဆောင်ရွက်နေခြင်း ဖြစ်သည်။

 

“မင်းကွန်းကနေ ရွှေဘို ကျောက်‌မြောင်းအကြားမှာရှိတဲ့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးဧရိယာမှာ WCS၊ ဟိုတယ် တည်းခိုရိပ်သာ လုပ်ငန်းရှင်များအသင်းနဲ့ ဧရာဝတီလင်းပိုင်ရဲ့ သဘာဝကိုသိရှိတဲ့ ရေလုပ်ငန်းရှင်တစ်ဦးတို့ ပူးပေါင်းပြီး နိုင်ငံခြားခရီးသွားတွေ ဧရာဝတီလင်းပိုင်ကို ကြည့်ရှုလေ့လာနိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှာ အကောင်အထည်ဖော်ဖို့ များပါတယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုဟာ လူထုအသီးသီး ဝင်ငွေရရှိစေပြီး အလုပ်အကိုင် အခွင့်အလမ်းတွေပေါ်ထွန်းပြီးတော့ ဒေသဖွံ့ဖြိုးမှုနဲ့အတူ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးမှု၊ နားလည်ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်တဲ့အပြင် နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင်ငွေရရှိစေမှာ ဖြစ်ပါတယ်။ ပြန်လည်ဖော်ဆောင်မယ့် ဧရာဝတီလင်းပိုင်ကြည့်ရှုရေး ခရီးစဉ်ဟာလည်း အောင်မြင်မယ်လို့ ယုံကြည်ပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှုဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။

 

မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ဝန်းကျင်က လင်းပိုင်များ နေထိုင်ကျက်စားခဲ့ပြီး ဧရာဝတီမြစ်အတွင်း ကျက်စားသည့် လင်းပိုင်များကို ဧရာဝတီမြစ်အား အစွဲပြု၍ Ayeyarwady Dolphin ဟု အမည်ခေါ်တွင်ခဲ့ရာ အိမ်နီးချင်းနိုင်ငံများ၊ မဲခေါင်မြစ်တစ်လျှောက်နှင့် အိန္ဒိယနိုင်ငံတို့ရှိ လင်းပိုင်များကိုလည်း ဧရာဝတီလင်းပိုင်ဟု အသိအမှတ်ပြုခေါ်တွင်ခဲ့သည်။ ကမ္ဘာ့မြစ်ကြီး အနည်းငယ်တွင်သာ လင်းပိုင်များကို တွေ့ရှိနိုင်ပြီး လင်းပိုင်များကို ပိုင်ဆိုင်ထားသည့်နိုင်ငံများအနေဖြင့် ပြခန်းများတွင် လင်းပိုင်များဖျော်ဖြေမှုကို လည်းကောင်း၊ သဘာဝရေပြင်၌ ကျက်စားမှုကိုလည်းကောင်း ဖော်ထုတ်ပြသခြင်းဖြင့် နိုင်ငံခြားဝင်‌‌ငွေ ရရှိလျက်ရှိသည်။ 

 

ကမ္ဘာ့နိုင်ငံတို့တွင် မီးခိုးတိတ်ဝင်ငွေဖြစ်သည့် ခရီးသွားလုပ်ငန်းကို အလေးထား ဆောင်ရွက်ကြလေ့ရှိပြီး သဘာဝအလှ၊ ရိုးရာယဉ်ကျေးမှု၊ ရှေးဟောင်းအမွေအနှစ်များ၊ အဏ္ဏဝါနှင့် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများ၏ ဆွဲဆောင်မှုဖြင့် နိုင်ငံခြားဝင်ငွေရရှိလျက်ရှိရာ သဘာဝအလှနှင့် အဏ္ဏဝါဇီဝမျိုးစုံကြွယ်ဝသည့် မြန်မာနိုင်ငံတွင် နိုင်ငံတကာခရီးသွားများ နှစ်ခြိုက်သည့် ခရီးစဉ်ဒေသများစွာ ဖော်ဆောင်ထားရှိလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဧရာဝတီလင်းပိုင်သည် နုတ်သီးတို ပြုံးရွှင်သောမျက်နှာရှိပြီး အသက်ခုနစ်နှစ်နှင့် ကိုးနှစ်အရွယ်၌ မျိုးပွားနိုင်လေ့ရှိကာ ၁၄ လအကြာ ကိုယ်ဝန်ဆောင်လျက် လူသားတို့ကဲ့သို့ နို့တိုက်သတ္တဝါအဖြစ် တစ်ကြိမ်သာသားဖွယ်လေ့ရှိ၍ အသက် ၃၀ မှ ၅၀ အထိနေထိုင်ရှင် သန်လေ့ရှိကြောင်း သိရသည်။

 

နိုင်ငံဂုဏ်ဆောင် ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းမှုမရှိစေရန် ငါးလုပ်ငန်းဦးစီးဌာနမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြစ်အတွင်း ဘက်ထရီ ရှော့တိုက်ငါးဖမ်းခြင်း၊ မျှောပိုက်ချခြင်းတို့မှ လင်းပိုင်များ ထိခိုက်နာကျင်သေဆုံး မှုမရှိစေရန် ရေချိုငါးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ ကျေးရွာများတွင် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ၍ ဧရာဝတီလင်းပိုင်များအား နိုင်ငံခြားသား ခရီးသွားများ လာရောက်ကြည့်ရှုသည့် သဘာဝအခြေခံခရီးသွားလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေရရှိမှုအပေါ် ဒေသခံပြည်သူများ လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိသည်။ 

 

ဓာတ်ပုံ- ကနူး
ညိမ်းသူ(သတင်းစဉ်)