နေပြည်တော် ဒီဇင်ဘာ၂၀
ဘေးကင်းလုံခြုံသော သာ ငါးအခြေခံ တန်ဖိုးမြင့် စားသောက်ကုန်ချောများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အဓိကကျသည့် ပုဂ္ဂလိကပိုင်း၏ ပူးပေါင်းမှု မြှင့်တင်နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဒီဇင်ဘာ(၁၉)ရက်နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါစက်မှုဇုန်ရှိ ပုဂ္ဂလိက ငါးအစာစက်ရုံနှင့် တိရစ္ဆာန်အစာတွင် ထည့်သွင်းသည့် ဟန်ရိုးမဆေးဝါး စက်ရုံ လုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် တာဝန်ရှိသူများအား မွေးမြူရေးတိရစ္ဆာန်၏ ကျန်းမာသန်စွမ်းမှု၊ ရောဂါဒဏ်ခံ နိုင်ရည်ရှိမှု၊ အသားထွက်ရှိမှု အရည်အသွေးများ တိုးတက် ကောင်းမွန်ရေး အတွက် တိရစ္ဆာန်အစာ၏ အရေးပါမှု၊ သဘာဝလွှတ်ကျောင်း မွေးမြူခြင်းမှ လှောင်မွေးသည့် ခေတ်မီမွေးမြူရေးစနစ် ထွန်းကားလာစေရေး ၊ အသေးစား ၊ အငယ်စားနှင့် အလတ်စား မွေးမြူရေး လုပ်ကိုင်သူများ၏ လိုအပ်ချက်များကို မျက်ခြေ မပြတ်လေ့လာပြီး မွေးမြူရေးကဏ္ဍ အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများက ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းသိုလှောင်ရုံ၌ လယ်ယာထွက်ကုန်၊ စိုက်ပျိုးရေးထွက်ကုန် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရန် ငှားရမ်းလုပ်ကိုင်နေသော တောင်ပြာတန်း ကုမ္ပဏီလီမိတက်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သိုလှောင်ရုံများ ထိမ်းသိမ်းထားရှိမှု၊ ကုန်ပစ္စည်းများသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးလုံခြုံရေးဂရုပြု ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာစီပီကုမ္ပဏီ၏ တိရစ္ဆာန် အစာစက်ရုံလုပ်ငန်းများ၊ တိရစ္ဆာန်အစာ ဓာတ်ခွဲခန်းလုပ်ငန်းများ၊ မွေးမြူရေး ထွက်ကုန် အဆင့်မြင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လယ်ယာ သား ငါး ထုတ်လုပ်မှု တိုးတက်ရေး၊ စိုက်ပျိုး မွေးမြူရေး အခြေခံသော တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးတို့အတွက် ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရန် တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ကြီးဌာနက အားပေးကူညီဆောင်ရွက်ပေးနေမှု အခြေအနေ များ၊ ထုတ်လုပ်မှု စရိတ်လျှော့ချနိုင်ရေး ၊ အရည်အသွေးပြည့်ဝသော ထုတ်ကုန်များဖြစ် စေရေး ၊ မိမိတို့လုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းစဉ်ကွင်း ဆက်တလျောက် ဟန်ချက်ညီ ဖွံ့ဖြိုးလာစေရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်