နေပြည်တော် ဒီဇင်ဘာ၂၀
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ တတိယအကြိမ် အစည်းအဝေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့် ဥပဒေရေးဆွဲရေးအဖွဲ့ငယ်များမှ အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က အဖွင့် အမှာစကားပြောကြားပြီး အတွင်းရေးမှူးက လုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှုအခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဥပဒေရေးဆွဲရေး အဖွဲ့ငယ်ခေါင်းဆောင်များနှင့် အစည်းအဝေးတက်ရောက် လာကြသူများက အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက်နှင့် လုပ်ငန်း အချိန်ကာလ သတ်မှတ်ချက်အတိုင်း အချိန်မီပြုစုနိုင်ရေးကိစ္စရပ်များ အပါအဝင် အမျိုးသား မြေအသုံးချမှုကောင်စီ စတုတ္ထအကြိမ် အစည်းအဝေးက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ကိစ္စများ ၊ အဖွဲ့ငယ်အလိုက် ဆောင်ရွက်ပြီး လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များ၊ ဥပဒေမူကြမ်း လက်တွေ့ရေးသားပြုစုကြရာတွင် ဥပဒေအခန်းအလိုက်ပြီးစီးမှု အခြေအနေများကို တင်ပြပေးနိုင်ရေးနှင့် ညှိနှိုင်းပေါင်းစပ်ပေးရန် လိုအပ်ချက်များကို ဆွေးနွးတင်ပြကြသည်။
ယခု ရေးဆွဲလျက်ရှိသည့် အမျိုးသား မြေဥပဒေမူကြမ်းတွင် မြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်မူ၊ အခြေခံမူများကို အကောင်အထည်ဖော်နိုင်ရန် ၊ မြေစီမံခန့်ခွဲမှုနှင့် စပ်လျဉ်းသော တည်ဆဲ ဥပဒေများ သဟဇာတဖြစ်စေရန်၊ မြေအုပ်ချုပ် စီမံမှုစနစ်များ ပိုမိုတိုးတက်ကောင်းမွန် လာစေရန် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းအဖွဲ့၊ ဥပဒေရေးဆွဲရေးအဖွဲ့ငယ်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်