နေပြည်တော် ဒီဇင်ဘာ ၂၁

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော် ရှိ ဝဏ္ဏသိဒ္ဒိအားကစားရုံ (B) ၌ စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပရာ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။

ပြခန်းများ ခင်းကျင်းပြသ

အဆိုပါပွဲတော်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာကဏ္ဍများအလိုက် ပြခန်းများဖြစ်သည့် ရေကြောင်း၊ လေကြောင်း၊ မြန်မာ့မီးရထားနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးပြခန်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာ ပေးပြခန်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးပြခန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြခန်း၊ လွတ်လပ်သော မြန်မာနိုင်ငံ၏ နိုင်ငံတော်အလံလွှင့်တင်ခြင်းအခမ်းအနား မှတ်တမ်းမှတ်ရာ၊ လွတ်လပ်ရေးကြေညာစာတမ်းနှင့် လွတ်လပ်ရေးအသိအမှတ်ပြုစာတမ်း၊ မြန်မာနိုင်ငံတော်အလံများနှင့် ၁၉၄၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ချီးမြှင့်အပ်နှင်းခဲ့ သည့် ဂုဏ်ထူးဆောင်ဘွဲ့ပြခန်းများ၊ ကချင်ပြည်နယ် ပူတာအိုခရိုင် မဂွေဇ - ခေါင်လန်ဖူးလမ်း ဖောက်လုပ်မှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြခန်းများ၊ စာအုပ်စာပေအရောင်းဆိုင်နှင့် စာပေဗိမာန်ဆိုင်ရာ မှတ်တမ်း ဓာတ်ပုံပြခန်းများကို ခင်းကျင်းပြသထားသည်။

ထို့ပြင် ပြည်သူများ သိသင့်သိထိုက်သည့် သမိုင်းဝင်စာချုပ်၊ စာတမ်းများ နှင့် ကျောက်စာများပြခန်း၊ အမျိုးသားစာကြည့်တိုက်ပြခန်း၊ ဇီဝမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် မြန်မာနိုင်ငံ၏ အဓိကဂေဟစနစ်ကြီးများပြခန်း၊ သစ်တောသစ်ပင်ဆိုင်ရာ အသိပညာပေးပြခန်း၊ နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ်အထက်ရှိ နိုင်ငံသားများအား ကိုယ်ရေးအချက်အလက် စိစစ်ကောက်ယူမှုပြုလုပ်ပေးသည့် ပြခန်း၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာကဏ္ဍပြခန်း၊ လျှပ်စစ် ကားနည်းပညာဆိုင်ရာပြခန်း၊ ရွေ့လျားသိပ္ပံနှင့် နည်းပညာပြခန်း၊ နည်းပညာတက္ကသိုလ်များ၏ ကဏ္ဍအလိုက် ဆန်းသစ်တီထွင်မှုပြခန်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန တက္ကသိုလ်နှင့် သင်တန်းကျောင်းများမှ လူငယ်ဆိုင်ရာ လှုပ်ရှားမှုပုံရိပ်ပြခန်း၊ လူငယ်များ သိသင့်သိထိုက်သည့် အားကစားနှင့် လူငယ်ရေးရာပြခန်းနှင့် E-Sports ပြခန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ တိုးတက်ကျယ်ပြန့်စေရန် ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများ ပြခန်းနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုပြခန်းတို့ကို ခင်းကျင်းပြသထားသည်။

စာအုပ်များ ခင်းကျင်းပြသရောင်းချ

အလားတူစာအုပ်စာပေများ ဖတ်ရှု၍ အသိပညာ၊ အတတ်ပညာဗဟုသုတများ ရယူရန် စိတ်အားထက်သန်ကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များအတွက်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်ထားပြီး စာပေဆုရစာအုပ်များ၊ ရသစာအုပ်များ၊ ဘဝအောင်မြင်ရေးစာအုပ်များ၊ ကျန်းမာရေးကဏ္ဍစာအုပ်များ၊ ပညာရပ်ဆိုင်ရာစာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ အနုပညာစာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ်များ၊ စီးပွားရေးစီမံခန့်ခွဲမှုစာအုပ်များနှင့် သမိုင်းစာအုပ်များ ခင်းကျင်းပြသရောင်းချ လျက်ရှိရာ စာပေဗဟုသုတများနှင့် စာပေအသိဉာဏ်များစွာ ရရှိစေသည့်အတွက် စာပေချစ်သူများဖြင့် စည်ကားလျက်ရှိသည်။

ပွဲတော်အတွင်း၌လည်း (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ”ရောင်စုံဓာတ်ပုံပြပွဲနှင့် ၂၀ ရာစု မြန်မာစာရေးဆရာ ဆရာမကြီးတို့၏ ဓာတ်ပုံများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ တန်ခိုးကြီးဘုရားစေတီများ၊ သဘာဝအလှရှုခင်းများ၊ ရိုးရာဓလေ့ပွဲတော်များနှင့် အထင်ကရနေရာများ၏ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားရှိရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသူများကို တွေ့ရသည်။

ဖျော်ဖြေရေး အစီအစဉ်များအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနှင့် အနုပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် နိုင်ငံကျော် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများကြောင့်လည်း ပြပွဲကြီးကို ပိုမိုအသက်ဝင်စေခဲ့ကာ ပြပွဲလာရောက်ကြသူများကလည်း စိတ်အားထက်သန်စွာ ကြည့်ရှု အားပေးကြသည်။

အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်

ထို့ပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ စိတ်ဝင်စားဖွယ်အစီအစဉ်တစ်ခုအဖြစ် ပြည်သူများ တီဗွီဖန်သားပြင်မှသာ တွေ့မြင်နိုင်သည့် သတင်းစတူဒီယိုအတွင်း သတင်းကြေညာသည့်ပုံစံများကို ပြပွဲသို့ လာရောက်လေ့လာကြသူများ ကိုယ်တိုင်ဝင်ရောက်သတင်းကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည့်အတွက် လူကြိုက်များသည့် ပြခန်းတစ်ခုလည်း ဖြစ်ခဲ့သည်။

အလားတူပွဲတော်သို့ လာရောက်လေ့လာကြသူများ လျှပ်စစ်သုံးယာဉ်(EV) ဆိုင်ရာ အသိပညာ၊ အတတ်ပညာများ သိရှိနိုင်စေရန်၊ လျှပ်စစ်သုံးယာဉ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ အလုပ်လုပ်ပုံနှင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှု များကို ဗဟုသုတအဖြစ် သိရှိနိုင်စေရန်အတွက် လျှပ်စစ်သုံးယာဉ် (EV) ဆိုင်ရာ ပြခန်းကိုလည်း ပါဝင်ပြသထားရာ စိတ်ပါဝင်စားစွာ လေ့လာကြသူများဖြင့်လည်း စည်ကားလျက်ရှိသည်။

ထို့ပြင် နေပြည်တော်ရဲတပ်ဖွဲ့မှ မှုခင်းပညာပေးပြခန်းယာဉ်ကို အသိပညာပေးပြသထားပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းဖော်ထုတ်နိုင်မှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် စွမ်းရည် တိုးတက်မြင့်မားရေးဆောင်ရွက်မှုများ၊ ယာဉ်ထိန်းလုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ကာတွန်းပုံများ၊ လောင်းကစားပြစ်မှုပြစ်ဒဏ်များ၊ သိသင့်သိထိုက်သောဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များကို ပြသထားရာ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြသည်။

ကစားနည်းများပါဝင်ဆင်နွှဲ

အဆိုပါပွဲတော်ကြီးသို့ လာရောက်လေ့လာဆင်နွှဲကြသည့် လူငယ်များနှင့် ကလေးငယ်များ ပျော်ရွှင်စေရန်အတွက်လည်း ဝန်ကြီးဌာနအသီးသီးအလိုက် စိတ်ဝင်စားဖွယ်ရာ ကစားနည်းများ၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက်ကစားနည်း စသည့် စိတ်ဝင်စားဖွယ်ရာ ကစားနည်းများနှင့် ဉာဏ်စမ်းပဟေဠိ ကစားနည်းများကို အသိပညာပေးနည်းလမ်းများ တွဲဖက်၍ ကစားစေသည့် အစီအစဉ်များကိုလည်း ထည့်သွင်းထားရာ စိတ်ဝင်တစား ပါဝင် ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ပွဲတော်သို့ လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် မိဘပြည်သူများအနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာအစားအသောက်များကို ချစ်ခင်နှစ်သက်မြတ်နိုး စွာဖြင့် အလွယ်တကူစားသုံးနိုင်ရန်အတွက်လည်း တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များကို ဈေးနှုန်းချိုသာစွာဖြင့် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ အစားအသောက်များ ပြတ်လပ်သည်အထိ လာရောက်စားသုံးဝယ်ယူသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိ သည်။

ထို့ပြင် ပွဲတော်သို့ လာရောက်ကြသူများ တစ်စုံတစ်ရာကျန်းမာရေးချို့ယွင်းမှု ဖြစ်ပေါ်ပါကလည်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များကို ထည့်သွင်းထားပြီး တာဝန်ရှိသူများကလည်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက်လည်း လုံခြုံရေးအစီအမံများ စနစ်တကျဆောင်ရွက်ထားသည်ကိုလည်း တွေ့မြင်ရသည်။

အဆိုပါပွဲတော်အား လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရေးအတွက် စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် လူငယ်များ စာပေနှင့် ရင်းနှီးပြီး စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊ စာပေနှင့်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှု များကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် ပြခန်းများ ခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

မျိုးချစ်စိတ်ဓာတ်များမြင့်မားလာရန်

ထို့ကြောင့် ကျောင်းသားလူငယ်များ သိသင့်သိထိုက်သည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများကို သိမြင်စေပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ဓာတ်များ မြင့်မားလာစေရန်၊ စာပေနှင့် အနုပညာရပ်များ၏ အကျိုးကျေးဇူးကို သိရှိစေရန်နှင့် မိမိတို့၏ အတွေးအမြင်များဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်း များတွင် ပါဝင်ကူညီဆောင်ရွက်လာနိုင် စေရန် ပြခန်း၊ ပြကွက်များနှင့် အခြားကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စာပေနှင့် အနုပညာဆိုင်ရာအကြောင်းအရာများကို ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် ပြသမည့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် မည်သူမဆို လွတ်လပ်စွာ အခမဲ့ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။

မျိုးဆက်သစ်
ဓာတ်ပုံ - ရွှေကိုလေး