ကေဇင်ရွှန်း

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှအစပြု၍ ကမ္ဘာ့မီဒီယာကဏ္ဍတွင် သမားရိုးကျမီဒီယာ (Traditional Media) နှင့် ခေတ်သစ်မီဒီယာ (New Media) ဟူ၍ ကွဲပြားစွာတည်ရှိလာ ခဲ့ပါသည်။ သမားရိုးကျမီဒီယာ၌ ပုံနှိပ်နှင့် အသံလွှင့်လုပ်ငန်းများပါဝင်ပြီး၊ ခေတ်သစ် မီဒီယာ၌မူ Online နှင့် Social Media မျိုးစုံပါဝင် မည်ဖြစ်ပါသည်။

 

တစ်ချိန်က သမားရိုးကျမီဒီယာတွင် သတင်းစာကျင့်ဝတ်နှင့် သတင်းသမားတစ်ဦး ခြင်းအတွက် လိုက်နာစောင့်ထိန်းကြရမည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ရှိခဲ့သော်လည်း ခေတ်သစ်မီဒီယာတွင်မူ လူထုအားလုံး အယုတ်၊ အလတ်၊ အမြတ်မရွေး ပါဝင်ခွင့်ရခဲ့ပြီး သတင်းသမားနှင့် သတင်းကျင့်ဝတ်ဆိုသည်ကို ဖော်ပြလိုက်နာနိုင်စွမ်း မရှိတော့ချေ။ သမာရိုးကျ မီဒီယာခေတ်ကောင်းစဉ်ကပင် သတင်းလောက၌ သတင်းတု၊ သတင်းမှားနှင့် ဘက်လိုက်သတင်းများ အမျိုးမျိုးရှိခဲ့သော်လည်း နောက်ခံခြေရာလိုက်၍ သက်ဆိုင်ရာသတင်းတိုက်နှင့် သတင်းသမားကို ဖော်ထုတ်နိုင်ခြင်းကြောင့် အလွန်အမင်း ဆိုးရွားမှုမရှိခဲ့ပါ။

 

ခေတ်သစ်မီဒီယာ၌မူ နည်းပညာအလွန်အမင်း ထွန်းကားလာမှုအရ သတင်းသမားသာမက လူထုအားလုံးက လိုသလို သတင်းကိုပုံဖော် ရေးသားလာကြသဖြင့် သတင်းတု၊ သတင်းမှားနှင့် ဘက်လိုက်သတင်းများမှာ ကမ္ဘာ့နိုင်ငံအားလုံးရှိ လူသားများအတွက် အထူးစိုးရိမ်စရာဖြစ်လာခဲ့ပါသည်။ ယင်းဖြစ်ရပ်ကို ကာကွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ရင့်ကျက်၍ ပညာရေချိန်မြင့်သော လူသားမျိုးဆက်ဖြစ်နေရန်နှင့် နိုင်ငံ၊ လူမျိုးနှင့် ဘာသာအလိုက် အမျိုးသားရေး သမိုင်းနောက်ခံနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုစံတန်ဖိုး (Value) တစ်ခုအဖြစ်မြတ်နိုးမှုရှိနေကြရန်ဖြစ်ပါ သည်။

 

(၂၀) ရာစုအစပိုင်း၌ ကမ္ဘာတွင် ကမ္ဘာစစ်ကြီးများ ဖြစ်ပေါ်ပြီး ကိုလိုနီစနစ်ပျက် သုဉ်းခဲ့ပြီးနောက် အရှေ့နှင့်အနောက် စစ်အေးစစ်ပွဲ (East / West Cold War) ဖြစ်ပေါ် ခဲ့သည်ကို လူတိုင်းသိရှိကြပြီး ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ် ဆိုဗီယက်ယူနီယံပြို ကွဲပြီးနောက် နှစ် ၄၀ ကြာ စစ်အေးစစ်ပွဲကာလ ပြီးဆုံးခဲ့ပါသည်။ ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ် ကာလအတွင်း အမေရိကန်တစ်နိုင်ငံတည်းကသာ ကမ္ဘာကိုလွှမ်းမိုး ခြယ်လှယ်သည့်ခေတ် (Unipolar World) ဖြစ်ခဲ့ပါသည်။

 

ယင်းကာလများ၌ ကမ္ဘာ့အရပ်ဒေသ အသီးသီးတွင် အမေရိကန်နိုင်ငံ၏ ကျူးကျော် ပါဝင်စွက်ဖက်မှုမှာ လွန်စွာများပြားလာသည်။ ထို့ကြောင့် ဒေသအလိုက်စုဖွဲ့ထားသည့် နိုင်ငံငယ်များ၏ အဖွဲ့အစည်းများကလည်း မိမိဒေသကို ကာကွယ်ရန် ပိုမိုစုစည်း အားကောင်းလာသည့်အတွက် ကမ္ဘာပေါ်၌ (Multipolar World) ဖြစ်လာမည်ဟုပင် နိုင်ငံရေး သုတေသီအများစုက သုံးသပ်ယူဆခဲ့ကြပါသည်။ သို့သော်လည်း ၂၀၀၀ ပြည့်နှစ် အစပိုင်း၌ ကမ္ဘာတစ်ဝန်းတွင် ခေါင်းထောင်လာသည့် အကြမ်းဖက်ဝါဒ (Terrorism) ကြောင့် လည်းကောင်း၊ ၂၀၀၁ ခုနှစ် World Trade Center ဖြစ်ရပ်ကြောင့်လည်းကောင်း ကမ္ဘာ့ နိုင်ငံငယ်အများစုမှာ အမေရိကန်နိုင်ငံ၏ စွဲဆောင်စည်းရုံးမှုနောက်သို့ ပြန်လည်ရောက် ရှိသွားခဲ့ပါသည်။

 

၂၀၁၀ ပြည့်နှစ်ခန့်အထိ အီရတ်စစ်ပွဲအပါအဝင် စစ်ပွဲမျိုးစုံနှင့် ရှုပ်ထွေးနေခဲ့သော အမေရိကန်နိုင်ငံမှာ ကမ္ဘာ့အလယ်၌ တဖြည်းဖြည်း ဩဇာကျဆင်းလာခဲ့ပါသည်။ ထိုစဉ် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးနာလန်ထမှုအရ ဖွံ့ဖြိုးလာသည့်တရုတ်နိုင်ငံနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ များစွာကြွယ်ဝသော ရုရှားနိုင်ငံတို့မှာ အမေရိကန်နိုင်ငံကို ရင်ဘောင်တန်း လာနိုင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ကိုဗစ် -၁၉ ကမ္ဘာ့ ကပ်ရောဂါနှင့်အတူ စီးပွားရေးကျဆင်းလာမှုများအကြား၌ အမေရိကန်နိုင်ငံသည် ယှဉ်ပြိုင်ဘက် ဖြစ်လာသော ရုရှား နှင့် တရုတ်နိုင်ငံတို့အား နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအပါအဝင် နည်းမျိုးစုံဖြင့် ထိတွေ့ဖိနှိပ်ထားနိုင်ရန် လက်ရှိအချိန်၌ အထူးအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရှိကြရမည်ဖြစ်ပါသည်။ ယင်းအခြေအနေပေါ်မူတည်၍ ပထဝီနိုင်ငံရေးအရ ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ အများစုသည်လည်း ပဋိပက္ခအတွင်း ကြားညှပ်ပါဝင်လှုပ်ရှားနေရပြီဖြစ်သည်ကို သတိပြုနိုင်ကြစေ ရန်ဖြစ်ပါသည်။

 

(၁၀) နှစ်တာ ဒီမိုကရေစီကို ပြန်လည်လျှောက်လှမ်းစပြုခဲ့သည့် မြန်မာနိုင်ငံ၏ အခြေအနေမှာ ကမ္ဘာ့မျက်မှောက် အခြေအနေတွင် စိုးရိမ်စရာ အနေအထားတစ်ခုသို့ ရောက်ရှိလျက်ရှိပါသည်။ နက်ရှိုင်းသော သမိုင်းကြောင်းနောက်ခံနှင့် ကွဲပြားလျက်ရှိသည့် တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော် နေထိုင်သော နိုင်ငံအတွင်း နှစ် ၇၀ ကျော်ကြာ ပြည်တွင်းသောင်းကျန်းမှုစစ်ပွဲများကြောင့် လူထု၏ ပညာအရည်အချင်းနိမ့်ကျမှုနှင့် ရင့်ကျက် တည်ငြိမ်မှုနည်းပါးခြင်းတို့က အထူးစိုးရိမ်စရာဖြစ်လျက် ရှိပါသည်။

 

တိုးတက်လာသောနည်းပညာများနှင့်အတူ အထူးရေပန်းစားလျက်ရှိသည့် New Media ပေါ်မှ သတင်းတု၊ သတင်းမှားနှင့် ဘက်လိုက်သတင်းများစွာတို့မှာ နိုင်ငံအား လုံးဝပျက်စီး ပြိုကွဲသွားစေသည်အထိ အန္တရာယ်ရှိနေကြောင်းကို သတိပြုမိကြရန်လည်း အထူးလိုအပ်လျက် ရှိပါသည်။

 

မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၆၂ ခုနှစ်အထိ ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းခဲ့စဉ်အတွင်း နိုင်ငံ၏ ပုဂ္ဂလိက မီဒီယာကဏ္ဍမှာ လွတ်လပ်ဖွံ့ဖြိုး တိုးတက်ခဲ့ပါသည်။ သမားရိုးကျမီဒီယာဖြစ်သော ပုံနှိပ်သတင်းစာများ အနေဖြင့် သူရိယ၊ မြန်မာ့အလင်း၊ ရန်ကုန်၊ ထွန်း၊ ဟံသာဝတီ၊ ကြေးမုံနှင့် လူထုစသဖြင့် အစောင်နှစ်ဆယ်ကျော်ခန့် ထုတ်ဝေခဲ့ကြောင်း တွေ့ရှိရမည် ဖြစ်သည်။ အလားတူ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော ဒေးလီမော်နီတာ (Daily Monitor) ၊ နေးရှင်း (The Nation) ၊ ဂါးဒီးယန်း (Guardian) နှင့် ယူနီယံအိပ်ပရက်စ် (Union Express) စသော သတင်းစာ များလည်း ထုတ်ဝေခဲ့ကြောင်းတွေ့ရှိရမည်ဖြစ်ပါ သည်။

 

၁၉၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သည်လည်း ဒီမိုကရေစီမှ အသွင်ပြောင်းလဲကာ ပုဂ္ဂလိကလုပ်ငန်းအများစုကို နိုင်ငံပိုင်ပြုလုပ်ခဲ့သဖြင့်၊ ကြေးမုံ၊ ဗိုလ် တထောင်နှင့် လုပ်သားပြည်သူ့နေ့စဉ်အပါအဝင် ဂါဒီးယန်း သတင်းစာတို့ကို အစိုးရ သတင်းစာများအဖြစ် ပြောင်းလဲခဲ့ပါသည်။ ထိုစဉ်က ကမ္ဘာ၏နိုင်ငံရေး အခြေအနေသည် အရှေ့အုပ်စုနှင့် အနောက်အုပ်စု၏ စစ်အေးစစ်ပွဲကာလဖြစ်ပြီး အုပ်စုနှစ်ဖက်က နည်းမျိုးစုံဖြင့် ဆွဲဆောင်သိမ်းသွင်းကြသော ဝါဒဖြန့်မှု အမျိုးမျိုးဖြစ်ပေါ်လာခြင်းကြောင့် ပုဂ္ဂလိက သတင်းစာများအားလုံးကို ထုတ်ဝေခွင့်ရပ်စဲခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ သတင်းစာဆရာအများစုသည် အနောက်နိုင်ငံများအပါအဝင် အရှေ့တောင်အာရှနိုင်ငံ အချို့သို့ တိမ်းရှောင်သွားခဲ့ကြပြီး ပြည်ပမှနေ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေများအပေါ် သုံးသပ်စွပ်စွဲပြောဆိုမှုအမျိုးမျိုး ပြုလုပ်ခဲ့ကြကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ ထို့အတူ အမေရိကန်နိုင်ငံ၏ စီအိုင်အေအပါအဝင် အဖွဲ့အစည်း မျိုးစုံကလည်း မြန်မာသတင်းစာဆရာများကို ချဉ်းကပ်၍ ဝါဒဖြန့်မှုအမျိုးမျိုးအား ပြည်တွင်း၌ ဆောင် ရွက်ခဲ့ကြကြောင်း တွေ့ရှိရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၌ The Nation သတင်းစာကိုထုတ်ဝေသော ဦးလောရုံသည်လည်း ယင်းတို့ အနက်တစ်ဦး အပါအဝင်ဖြစ်ခဲ့ကာ ထိုင်းနိုင်ငံ သတင်းစာလောကသို့ဝင်ရောက်၍ မြန်မာဝန်ကြီးချုပ်ဟောင်း ဦးနု ပါလီမန်ဒီမိုကရေစီပါတီ (PDP) အတွက် အလုပ်လုပ် ပေးခဲ့ကြောင်း သိရှိကြရပါသည်။ ယင်းနောက် ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်နောက် ပိုင်းများတွင် အထက်ပါ မြန်မာနိုင်ငံမှ ပြည်ပြေးသတင်းစာဆရာ အများစုသည် အနောက် အုပ်စု၏ ကျောထောက်နောက်ခံကိုရယူလျက် အနောက်နိုင်ငံရှိ အချို့မြို့များ အပါအဝင် မြန်မာနိုင်ငံနှင့် ထိုင်း၊ ကမ္ဘာဒီးယားနယ်စပ်မြို့များတွင် သတင်းစာသင်တန်းမျိုးစုံကို နိုင်ငံတွင်းမှ New Generation သတင်းသမားများအား မက်လုံးပေး စည်းရုံးခေါ်ယူ သင်တန်းပို့ချခဲ့ကြကြောင်း သိရှိရပါသည်။

 

နိုင်ငံအတွင်း၌လည်း နိုင်ငံကြီးတချို့က ဘာသာစကားနှင့် အသိပညာ တိုးပွားရေးကို ဗန်းပြပြီး နိုင်ငံတွင်း လူငယ်အများစုကို သတင်းစာပညာခေါင်းစဉ်ဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ Propaganda စံနှုန်းများ သင်ကြားပို့ချပေးခဲ့ပါသည်။ ဘာသာစကားနှင့် အသိပညာ တိုးပွားရေးကို ဗန်းပြပြီး နိုင်ငံတွင်း လူငယ်အများစုကို သတင်းစာပညာခေါင်းစဉ်ဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ Propaganda စံနှုန်းများ သင်ကြားပို့ချပေးခဲ့ပါသည်။ သို့သော် ၎င်းတို့၏ အဓိက Concept မှာမူ မည်သည့် အုပ်ချုပ်သူအစိုးရမျိုးကိုမဆို ဆန့်ကျင်တွန်းလှန်သွားရန်နှင့် အလုံးစုံ လွတ်လပ်သော လူ့အခွင့်အရေးမျိုး ရရှိရန်ဖြစ်ရာ အမှန်တကယ် အနောက်နိုင်ငံများ၏ ဒီမိုကရေစီ စံတန်ဖိုးများနှင့် ကိုက်ညီမှု လုံးဝမရှိကြောင်း ကို တွေ့ရှိကြမည်ဖြစ်ပါသည်။ သို့ဖြင့် ယင်းလူငယ်အများစုမှာ လက်ရှိအချိန်တွင် မြန်မာ့နိုင်ငံရေးနှင့် မီဒီယာလောက၌ အဓိကပါဝင်လှုပ်ရှားလျက်ရှိသော ဆန့်ကျင်အမုန်းပွား တော်လှန်ရေးမျိုးဆက်များအဖြစ် တွေ့မြင်လာရလျက်ရှိပါသည်။

 

လက်ရှိအချိန်တွင် ဗီအိုအေ မြန်မာပိုင်းအသံ၊ ဘီဘီစီမြန်မာပိုင်း အပါအဝင် ဧရာဝတီ၊ မဇ္ဈိမ၊ ခေတ်သစ် အစရှိသော မီဒီယာများသည် သမားရိုးကျမီဒီယာနှင့် ခေတ်သစ်မီဒီယာ နည်းလမ်းများကို အသုံးပြုလျက် နိုင်ငံကိုပြိုကွဲပျက်စီးစေမည့် သတင်းတု၊ သတင်းမှားနှင့် ဘက်လိုက်သတင်းမျိုးစုံကို ထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိကြရမည်ဖြစ်ပါသည်။ ၎င်းမီဒီယာများသည် သတင်းထုတ်လုပ်မှု အပိုင်းတွင်လည်း အချို့သော မြေပြင် သတင်းအမှန်အနည်းစုအပေါ် မူတည်ကာ ၎င်းတို့ ပုံဖော်ထုတ်လွှင့် စည်းရုံးလိုသည့် ဘက်လိုက်သတင်း၊ သတင်းမှားများအား ရောနှောထုတ်လွှင့်ဖြန့်ချိနေကြခြင်း ဖြစ်သဖြင့် နိုင်ငံ၏ပြည်သူလူထုအနေဖြင့် သတင်းများကို ဆန်းစစ်ချင့်ချိန်သိရှိ ယုံကြည်တတ်ရန်မှာ အထူးအရေးပါကြောင်း အသိပေးဖော်ပြလိုခြင်း ဖြစ်ပါသည်။

 

မျက်မှောက်ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ပဋိပက္ခအကြား ပထဝီနိုင်ငံရေး အခြေအနေအရ မြန်မာနိုင်ငံသည်လည်း ပါဝင်ပတ်သက် နေရလျက်ရှိသည်။ တရုတ်၏ BRI အစီအစဉ် အစိတ်အပိုင်းတစ်ခုဖြစ်သော တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ဘင်္ဂလားပင်လယ်အော်အထိ ရထားလမ်းကွန်ရက် ဖြန့်ကျက်ဆက်သွယ်ရေး အစီအစဉ်တွင် မြန်မာနိုင်ငံ၏ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည် အရေးအပါဆုံးနေရာ၌ တည်ရှိပါဝင်နေသဖြင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်းကို ဟန်ချက်ညီထိန်းညှိဆောင်ရွက်သွားမည့် အခြေအနေ ဖြစ်ပေါ် လျက်ရှိပါသည်။

 

ပြီးခဲ့သည့် အစိုးရအဆက်ဆက် အပါအဝင် လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့်လည်း အထက်ပါစီမံကိန်းကို သဘောတူညီမှုရှိခဲ့ကြပြီးဖြစ်သကဲ့သို့ အမြန်ဆုံး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား ကြိုးပမ်းညှိနှိုင်း ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

 

BRI စီမံကိန်းအရ ကမ္ဘာနှင့် အာရှဒေသတွင်း တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ် ချဲ့ထွင်လုပ်ဆောင်လာနိုင်မည့် ဖြစ်စဉ်အပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံများအနေဖြင့် ကြီးစွာစိုးရိမ်လျက်ရှိပြီး မြန်မာနိုင်ငံ၌ ယင်းစီမံကိန်း မဖြစ်ပေါ်စေနိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည်ကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်နေကြရမည် ဖြစ်ပါသည်။ ယခုကဲ့သို့ ပြည်တွင်း ဆူပူမငြိမ်သက် မှုများနှင့် သောင်းကျန်းမှု စစ်ဆင်ရေးများကို ရင်ဆိုင်ကြုံတွေ့နေကြရခြင်းဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် Media မျိုးစုံမှ ပေါ်ထွက်လာသော သတင်းများအပေါ် သေချာစွာ ချင့်ချိန်သုံးသပ် ဆင်ခြင်အတည်ပြု ယုံကြည်သွားကြရန် အထူးလိုအပ်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။