နေပြည်တော်၊ ဒီဇင်ဘာ ၂၁

 

(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်းဗဟိုဌာန- တွင် ကျင်းပသည်။

 

အစီအစဉ်အရ ညီလာခံသဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယက ဦးမြင့်လွင်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင် ဦးဝထွန်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးပေါညိမ်း တို့က ဆောင်ရွက်ကြသည်။  

 

ဉီးစွာ သဘာပတိက အဖွင့်အမှာစကားပြောကြားရာတွင်  ညီလာခံသို့ တက်ရောက်လာကြသည့် မြန်မာ့တိုင်းရင်းဆေးသမားတော် ကိုယ်စားလှယ်ကြီးများနှင့် နှီးနွယ်သောပညာရှင်များအ‌နေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် အဆင့်အတန်းမြင့်မားစွာ  ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်နှင့် မြန်မာ့တိုင်းရင်းဆေးလောက ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့၏အတွေ့အကြုံ၊ အတွေးအခေါ် အယူအဆများကို ဆွေးနွေးကြပြီး တိုင်းရင်းဆေးလောက ပိုမိုတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုပေးကြရန်ဖြစ်ပါကြောင်း။  

 

ညီလာခံတွင်  အဆိုလေးရပ်ကို တင်သွင်းဖတ်ကြားသွားကြမည်ဖြစ်ပြီး တိုင်းရင်းဆေးလောကအတွက် တန်ဖိုးမဖြတ်နိုင်သည့်  အဆိုများဖြစ်ကြောင်း၊ အဆိုများတွင်  နိုင်ငံတကာမှ တိုင်းရင်းဆေး တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုပြီးဆောင်ရွက်ရမည့်အပိုင်းနှင့်  တိုင်းရင်းဆေးပညာ ဦးစီးဌာနသုံး ဆေးဝါးများနှင့်ပတ်သက်ပြီး ဘေးဥပါဒ်ကင်းရှင်း၍ အရည်အသွေးနှင့် အာနိသင်ပြည့်ဝသော ပိုမိုကောင်းမွန်သည့် ဆေးဝါးများ ပေါ်ထွက်လာစေရေး သုတေသနများ ဆောင်ရွက်ရန်တို့ပါဝင်ပါကြောင်း။

         

တိုင်းရင်းဆေးဝါး ထုတ်လုပ်သူလုပ်ငန်းရှင်များအနေဖြင့် တိုင်းရင်းဆေးဝါးများကို ဘေးအန္တရာယ် ကင်းရှင်းပြီး အာနိသင်ထက်မြက်တဲ့ဆေးဝါးများအဖြစ်   အထောက်အထားခိုင်မာစွာ ဆောင်ရွက်ပြီး ဖော်စပ်အသုံးပြုမည်ဆိုပါက  ပြည်သူလူထုအနေဖြင့် မြန်မာ့တိုင်းရင်းဆေးဝါးများအပေါ် ယုံကြည်မှုပိုမိုရရှိကာ သုံးစွဲမှုများပြားလာမှာ ဖြစ်သကဲ့သို့ နိုင်ငံတကာကိုလည်း ထိုးဖောက်နိုင်မည်ဖြစ်၍  မြန်မာ့တိုင်းရင်းဆေးလောကအတွက် အောင်မြင်မှုများ ပိုမိုရရှိလာမည်ဟု ယုံကြည်ပါကြောင်း၊ သို့မှသာ ပြည်သူလူထုအတွက် ငွေကြေးကုန်ကျသက်သာပြီး ထိရောက်တဲ့ တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရရှိမည်ဖြစ်ပြီး  နိုင်ငံတော်အတွက် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းရင်းဆေးတက္ကသိုလ်မှ ညီလာခံကိုယ်စားလှယ် ဒေါ်သဲဦးလွင်က အဆိုပြုချက် အမှတ်(၁)ဖြစ်သော တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ တိုင်းရင်း ဆေးတက္ကသိုလ်များ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အဆိုကို တင်သွင်းရာ မန္တလေးတိုင်းဒေသကြီး ညီလာခံကိုယ်စားလှယ် ဦးညီညီမောင်က ထောက်ခံဆွေးနွေးသည်။

 

ယင်းနောက် အဆိုပြုချက် အမှတ် (၂) ဖြစ်သည့် ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းပြီး အရည်အသွေးနှင့် အာနိသင်ပြည့်ဝသည့် ပိုမိုကောင်းမွန်သော ဦးစီးဌာနသုံး တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် သုတေသနလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ရန်ကို ဧရာဝတီတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်ဇာနည်စိုးမှ တင်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်မြတ်နန္ဒာလင်းက ထောက်ခံဆွေးနွေးသည်။

 

မွန်းလွဲပိုင်းတွင် ညီလာခံအစီအစဉ်များကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒေါက်တာစုစုဒွေး၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဦးမြင့်ဦး ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ ဦးလှမြင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်၊ ဦးစိုးဝင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) တို့က ဆောင်ရွက်ပြီး အဆိုပြုချက် အမှတ်(၃)ဖြစ်သည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အရည်အသွေးများ ပိုမိုတိုးတက်မြင့်မားလာစေရန် တိုင်းရင်းဆေး ပညာရှင်များအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆက်စပ် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အဆိုကို မကွေးတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်ဇင်မာမြင့်ကတင်သွင်းပြီး ရှမ်းပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဦးမြင့်ခိုင်က ထောက်ခံ ဆွေးနွေးသည်။

 

ဆက်လက်၍ အဆိုပြုချက်အမှတ် (၄) ဖြစ်သည့် တိုင်းရင်းဆေးပညာဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်ရန်အဆိုကို ပဲခူးတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဦးသူရလင်းက သွင်းပြီး မွန်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဦးဇော်မိုးထွေး က ထောက်ခံဆွေးနွေးသည်။

 

ထို့နောက် (၂၂ )ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲသို့ Video Message ဖြင့် ပေးပို့သော ဂုဏ်ပြုမိန့်ခွန်းနှင့် (၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ညီလာခံအဖွင့်မိန့်ခွန်းပါ မိန့်ကြားချက်များကို မှတ်တမ်းတင်ပြီး လုပ်ငန်းလမ်းညွှန်များအဖြစ် ခံယူဆောင်ရွက်သွားရန်နှင့် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံတွင်တင်သွင်းသည့် အဆိုပြုချက်များနှင့်ပတ်သက်၍ အစည်းအဝေး၏ ဆန္ဒသဘောထားရယူပြီး အဆိုများအား အတည်ပြုမှတ်တမ်းတင်သည်။

 

ယနေ့ ညီလာခံတွင် တင်သွင်းသည့် အဆို (၄) ခုမှာ ယမန်နေ့ ညီလာခံအကြိုညှိနှိုင်းဆွေးနွေးပွဲတွင် တင်သွင်းလာသည့် အဆိုများအနက်မှ ညီလာခံကိုယ်စားလှယ်များက ရွေးချယ်ထားခြင်းဖြစ်သည်။ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးမှ တက်ရောက်လာသည့် ညီလာခံ ကိုယ်စားလှယ်များသည် မာရဝိဇယရုပ်ပွားတော်ကြီးအား သွားရောက်၍ဖူးမြှော်ကြည်ညိုကြကြောင်း သိရသည်။

 

သတင်းစဉ်