နေပြည်တော်၊ ဒီဇင်ဘာ   ၂၁

 

အများပြည်သူများအနေဖြင့် မကြာမီစက်သုံးဆီပြတ်လပ်မည်ဆိုသည့် လူမှုကွန်ရက်များတွင် လတ်တလောဖြစ်ပေါ်နေသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ပူပန်မှုဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူကြခြင်း၊ မတော်လောဘ စက်သုံးဆီ အရောင်းဆိုင်များတွင် အခေါက်ခေါက်အခါခါ တန်းစီ၍ ထုတ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းများကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်း ဆိုင်အချို့တွင် ဖြည့်တင်းပေးနိုင်မှု စွမ်းအားကျော်လွန်သည်အထိ စက်သုံးဆီများကို ဝယ်ယူလျက်ရှိရာ အရောင်းဆိုင်များတွင် စက်သုံးဆီများပြတ်လပ်မှု မရှိစေရန်အတွက် စက်သုံးဆီများကို အဆက်မပြတ် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိသည့်အပြင် စက်သုံးဆီအရောင်းဆိုင်များတွင် အကြိမ်ကြိမ်တန်းစီဝယ်ယူကာ တစ်ဆင့်ပြန်လည် ရောင်းချမှုများနှင့် တရားမဝင်သိုလှောင်ရောင်းချခြင်းများနှင့် ဆီတင်ယာဉ်ဖြင့် တရားမဝင် သယ်ယူပို့ဆောင်ခြင်းများအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ် ဖမ်းဆီးလျက်ရှိသည်။

 

ထိုသို့ စစ်ဆေးဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ၅-၁၀-၂၀၂၃ ရက် တွင် မန္တလေးတိုင်းဒေသကြီး ရန်လင်းအောင်ကားဂိတ်တွင် ရပ်တန့် ထားသည့် မော်တော်ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင် ချက်ဆီ ၄၅ ဂါလန်ဆံ့ ပီပါ ၈၄ လုံး (ဂါလန် ၃၇၈ဝ ခန့်) အား လည်းကောင်း၊ ၈-၁ဝ-၂ဝ၂၃ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အတွင်း မော်တော်ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် တရား မဝင် ချက်ဆီ ၃၅ ဂါလန်ဆံ့ ပီပါ  ၆၅ လုံး (၂၂၇၅ ဂါလန်ခန့်)အား လည်းကောင်း၊ ၂၄-၁၀-၂၀၂၃ ရက်တွင်  မုံရွာမြို့  ကမ်းနားလမ်းဘေး ရပ်ကွက်ရုံးရှေ့ရှိ သုံးဘီးဆိုင်ကယ်နှစ်စီးပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၄၅ ဂါလန်ဆံ့ ပီပါ ၈၄ လုံး (ဂါလန် ၃၇၈ဝ ခန့် )အားလည်းကောင်း၊ ၁-၁၁-၂၀၂၃ရက်တွင် မုံရွာမြို့ မန်းကျည်းပင်ဈေးကျောက္ကာလမ်းပေါ်တွင် သုံးဘီးဆိုင်ကယ်တစ်စီးပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင် ချက်ဆီ ၃၅ ဂါလန်ဆံ့  ပီပါ  ၁၄ လုံး (ဂါလန် ၄၉၀ ခန့်) အားလည်းကောင်း၊ ၃၀-၁၁-၂၀၂၃ ရက်တွင် မုံရွာမြို့ ကွေ့ကြီးရပ်ကွက် ကမ်းနားလမ်းတွင် ပိုင်ရှင်မှဲ့ချက်ဆီ ပီပါ အလုံး ၂၀ (ဂါလန် ၇၀၀ ခန့်) အားလည်းကောင်း၊ ၁၂-၁၂-၂ဝ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး မန္တလေး-စဉ့်ကူးလမ်းပိုင်း မိုင်တိုင်အမှတ် ၄၅/၃ တွင် စက်သုံးဆီ တရားမဝင် သယ်ဆောင်လာသည့် ဆီတင်ယာဉ် Bowser လေးစီးအား စက်သုံးဆီ  ၃၆၈၇၇ ဂါလန်ဖြင့် လည်းကောင်း၊ ၁၃-၁၂-၂ဝ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး  အမရပူရမြို့နယ် မြစ်ငယ်တံတားအနီးတွင်  တရားမဝင်ချက်ဆီ ဂါလန်  ၆ဝဝဝ သယ်ဆောင်လာသည့်  ဆီသယ်ယာဉ် တစ်စီးအားလည်းကောင်း၊ ၁၄-၁၂-၂၀၂၃ရက်တွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဖရဲကျွန်းကျေးရွာ မိုင်တိုင်အမှတ် ၃၅၈ မိုင် ၄ ဖာလုံရှိ ခြံဝင်းအတွင်း၌ တရားမဝင်မြေအောက် သိုလှောင်ကန်ဖြင့် သိုလှောင်ထားသည့် စက်သုံး ဆီ ၃၃၈၆  ဂါလန်အားလည်းကောင်း။

 

mdn

 

၁၄-၁၂-၂ဝ၂၃ ရက်တွင်  ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် Denko စက်သုံးဆီအရောင်းဆိုင်တွင် နှစ်ကြိမ်တန်းစီ ဝယ်ယူသည့် မော်တော်ယာဉ်တစ်စီးအား  ယာဉ်၏နောက်ခန်းတွင်  မောင်းဆီတိုင်ကီနှင့် ပိုက်သွယ်တန်းထားသော ဂါလန်  ၁၅၀ ဆံ့ ပလတ်စတစ်ပီပါ တစ်လုံး၊ ဂါလန် ၅၀ ဆံ့  သံပီပါ ခြောက်လုံး၊  ပလတ်စတစ်ပီပါ တစ်လုံးဖြင့်လည်းကောင်း၊  ၁၅-၁၂-၂ဝ၂၃ ရက်တွင် သာကေတမြို့ နယ်၊ ၁/ အနော်မာရပ်ကွက် ဧရာဝဏ်လမ်း ကျောက်တိုင်မှတ်တိုင်အနီးတွင် အရောင်းဆိုင်များမှ တန်းစီဝယ်ယူပြီး တစ်ဆင့်ပြန်လည် ရောင်းချနေသည့် မော်တော်ယာဉ်တစ်စီးနှင့် ၎င်းယာဉ်ပေါ်တွင်ပါရှိသည့် တစ်ပီပါလျှင် ဂါလန်  ၅၀ ဆံ့ ဒီဇယ်ဆီပီပါ ၁၀ လုံးအား လည်းကောင်း၊  ၁၆-၁၂-၂၀၂၃ ရက်တွင်  ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် ဒဂုံ-သီလဝါ လမ်းမကြီးဘေးရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တရားမဝင်သိုလှောင်ထားရှိသည့် စက်သုံးဆီ ၄၈ ဂါလန်ဆံ့ သံပီပါ သုံးလုံး၊ ပါဝါဆီ အဖြူ ဂါလန်၃၀ ပါ သံပီပါ တစ်လုံး၊ ပါဝါဆီအဝါ ၁၅ ဂါလန်ပါသံပီပါ တစ်လုံး၊ စက်ဆီ၊ ချောဆီ ၄၈ဂါလန် ဆံ့ သံပီပါ နှစ်လုံး၊ ဆီမဲအပျက် ၄၅ ဂါလန်ပါ သံပီပါ နှစ်လုံးနှင့် ၁၅ ဂါလန်ပါ သံပီပါ တစ်လုံးနှင့်ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ၁၈-၁၂-၂ဝ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးမြင့်ဦးစီးအဖွဲ့သည် မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာရှိ ခြံတစ်ခြံတွင် တရားမဝင် စက်သုံးဆီသိုလှောင် ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ဂါလန် ၈၀၀ ဆံ့ သိုလှောင်ကန် ၁၄ ကန်နှင့် ဒီဇယ်ဆီ  ဂါလန် ၇၂၀ ၊ ဂါလန် ၈၀၀ ဆံ့ အဖြူရောင် Bowser အခွံနှစ်စီး၊ ဂါလန် ၈၀၀ ဆံ့ ဆီBowser ပုံစံဆီတိုင်ကီ အခွံနှစ်လုံးတို့အား ပိုင်ရှင်နှင့်အတူ  ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေး ဖော်ထုတ်ခဲ့ရာ ခြံအမှတ် (၅၆ဝ) အတွင်းမှ ဆီ Bowser ပုံစံ (ဆလင်ဒါသံကန်) ဆီသိုလှောင်ကန် ၁၁ ကန်နှင့် ဒီဇယ်ဆီ ၆၈၅၇ ဂါလန်၊ 92 Ron ဂါလန်  ၂၇၅၀ ပါသည့် ပီပါ ၅၅ လုံးနှင့် ပီပါအခွံ ၁၆ လုံး၊ ဒီဇယ်ဆီ ဂါလန်၁၃၇၀ ပါရှိသည့် Hyundai အမျိုးအစား အဖြူရောင် ဆီသယ်ယာဉ် Bowser တစ်စီးနှင့် Isuzu အမျိုးအစား အဖြူရောင်ဆီသယ်ယာဉ် Bowserတစ်စီးတို့အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၀-၁၂-၂၀၂၃ ရက်မှ ၁၅-၁၂-၂ဝ၂၃ ရက်အထိ တရားမဝင်စက်သုံးဆီရောင်းချမှု  ၁၇ မှု ဖမ်းဆီးရရှိမိပြီး စက်သုံးဆီ ၇၁၉ ဂါလန်ခန့်နှင့် ဖြန့်ဖြူးရောင်းချရာမှာ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊  ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီတွင် ၁၀-၁၂-၂၀၂၃ရက်မှ ၁၄-၁၂-၂၀၂၃ ရက်ထိ တရားမဝင် စက်သုံးဆီရောင်းချမှု ရှစ်မှုဖမ်းဆီးရရှိမိပြီး စက်သုံးဆီ ဂါလန် ၁၀၀ ခန့်နှင့် ဖြန့်ဖြူးရောင်းချရာမှာ အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအားလည်းကောင်း ဖမ်းဆီးရရှိမိခဲ့ရာ စုစုပေါင်းတရားမဝင် စက်သုံးဆီ ၆၉၉၀၉ ဂါလန်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၅ သန်းကျော်)၊ စက်သုံးဆီသယ်ယူပို့ဆောင်ရာတွင်  အသုံးပြုသည့် ဆီတင်ယာဉ် (Bowser) ၁၁ စီးနှင့် တရားမဝင်လိုင်စင်မဲ့ စက်သုံးဆီ သိုလှောင်ကန်များအပါအဝင် ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရရှိမိခဲ့ပြီး သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မြို့နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင် ၁၆ သည် စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်း၊ ခွင့်ပြုချက်မရဘဲ ဆီသယ်ယာဉ်(Bowser)ဖြင့် အခြားနေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ် ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများက  စိစစ်တွေ့ရှိရသဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ စီမံခန့်ခွဲရေး နည်းလမ်းအရ သတ်မှတ်ဒဏ်ကြေးတပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလ အကန့်အသတ်ဖြင့်ရပ်ဆိုင်းပြီး  စက်သုံးဆီ အရောင်းဆိုင်ကို ယာယီပိတ်သိမ်းခြင်းများ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး/ပြည်နယ်များတွင်  တရားမဝင်စက်သုံးဆီ သိုလှောင်သယ်ယူဖြန့်ဖြူး ရောင်းချမှုများ ပပျောက်စေရန်အတွက် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် တရားမဝင် စက်သုံးဆီသိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချမှုများနှင့်ပတ်သက်၍ သတင်းရရှိပါက အဆိုပါ အဖွဲ့များသို့ သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်း  သိရသည်။

 

 သတင်းစဉ်