ဆင်ပေါင်ဝဲ ၂၂ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာ၌ နွေရာသီသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အဝီစိစက်ရေတွင်း တူးဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ အဝီစိစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး၍ သောက်သုံးရေဖူလုံစွာ ရရှိတော့မည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုငွေကျပ်သန်း ၂၀ ဒသမ ၈ သန်းဖြင့် အကျယ် လေးလက်မရှိ စက်ရေတွင်းအနက်ပေ ၃၆၀ တူးဖော်ခြင်း၊ အမြင့်ပေ ၂၀ ရှိ ဂါလံ ၂၄၀ဝ ဆံ့ တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း၊ ကျေးရွာတွင်း သုံးလက်မ ပေ(၈၀ဝ) သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခုအခါ စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးပြီ ဖြစ်ပြီး ရေမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်ရာ တစ်နာရီ ဂါလံ ၁၆၀ဝ ထွက်ရှိကြောင်းသိရသည်။ ဆက်လက်၍ စင်မြင့်ရေစင်၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းတွေကို လာမည့်နွေရာသီအမီ ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦး ပြောပြချက်အရ သိရသည်။
အဆိုပါကျေးရွာမှာ ယခင်က စက်ရေတွင်းတစ်တွင်းရှိသော်လည်း နွေရာသီတွင် သောက်သုံးရေ ဖူလုံခြင်းမရှိသည့်အတွက် အခုလို အဝီစိစက်ရေတွင်း တူးဖော်ဆောင်ရွက်ရခြင်းဖြစ် ပါတယ်၊ ယခုစက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၂၇၃)၊ လူဦးရေ(၈၉၇)ဦး နှင့် ကျွဲ၊ နွားတိရစ္ဆာန်အားလုံး သောက်သုံးရေ ဖူလုံစွာ ရရှိတော့မှာဖြစ်တယ်လို့ ၎င်းကဆက်လက်ပြောပြသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေရရှိရေးအတွက် အင်ရုံကျေးရွာအပါအဝင် ကျေးရွာ(၉)ရွာ၌ စက်ရေတွင်း(၉)တွင်း တူးဖော်ခြင်း၊ အမြင့် ၂၀ ပေရှိ ဂါလံ ၂၄၀ဝ ဆံ့ စင်မြင့်ရေစင် (၉)ခု၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ(၉)ခုကို ငွေကျပ် ၁၈၃ ဒသမ ၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
“ကျနော်တို့ ကျေးရွာဟာ ယခင်က သောက်သုံးရေကို ကျေးရွာ၏ အရှေ့ဘက် ချောင်းထဲမှာ လက်တူးတွင်းများတူးဖော်အသုံးပြုရပြီး မိုးတွင်းကာလများတွင် ရေများသန့်ရှင်းမှုမရှိဘဲ ဝမ်းပျက်ဝမ်းလျော ဖြစ်တာတွေကြုံခဲ့ရပါတယ်။ နွေရာသီတွင် လက်တူးတွင်းတွေကလည်း ရေခမ်းတော့ သောက်သုံးရေ ရရှိရေး အခက်အခဲတွေရှိ ခဲ့ပါတယ်။ အခုစက်ရေတွင်းက ရေရတော့မယ်ဆိုတော့ အရမ်းဝမ်းသာတာပေါ့။ စက်ရေတွင်းမှာ ဂါလန် ၂၄၀ဝ ဆံ့ ရေစင်ပါတော့ ကျေးရွာအနေနဲ့ အိမ်တိုင်ရာရောက်ရေရရှိအောင်လည်း ဆောင်ရွက်သွားမယ်လို့” အဆိုပါကျေးရွာနေ ရွာခွဲတာဝန်ခံ ဦးမြတ်ဌေးက ပြောပြသည်။
သန်းလွင်(မကွေး)


