နေပြည်တော် ဒီဇင်ဘာ ၂၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း အမှတ်စဉ်(၄၁)ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက “တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖွင့်လှစ်သည့် မြန်မာနိုင်ငံအတွက်ပေးအပ် သော တရုတ်နိုင်ငံ၏အကူအညီဆိုင်ရာသီအိုရီနှင့် လက်တွေ့လုပ်ငန်းစဉ်များ” သင်တန်းတက်ရောက် ခဲ့မှုကို မျှဝေဆွေးနွေးမည်ဖြစ်၍ မိမိတို့ဝန်ကြီးဌာနနှင့် တိုက်ရိုက် သက်ဆိုင်သည့်အပြင် အရာထမ်းနှင့် အမှုထမ်းများအားလုံး သိရှိနားလည်သင့်သည့် ခေါင်းစဉ်ဖြစ်ကြောင်း၊ ယခုဆွေးနွေးမှတစ်ဆင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားအကူအညီ အထောက်အပံ့မူဝါဒများ၊ သီအိုရီနှင့် အတွေ့အကြုံများကို သိရှိ နားလည်ကာ မိမိနိုင်ငံအတွက်ထိရောက်သော အကူအညီများဖြစ်စေရေး စံသတ်မှတ်ချက် (Standard Operating Procedures-SOP) များ လက်တွေ့ချမှတ် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ထိရောက်အကျိုးရှိသော ဆွေးနွေးမှုဖြစ်စေရေး ပါဝင်ဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့သီ က “မြန်မာနိုင်ငံအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားအကူအညီဆိုင်ရာ သီအိုရီနှင့် လက်တွေ့ လုပ်ငန်းစဉ်ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့်အပေါ် အသိပညာမျှဝေခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ပေးအပ်လျက်ရှိသော ဘဏ္ဍာရေးအရင်းအမြစ် အကူအညီအထောက်အပံ့နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တရုတ်နိုင်ငံ၏ အကူအညီအထောက်အပံ့ မူဝါဒ၊ သက်သာသော ချေးငွေနှင့် ဦးစားပေးဝယ်သူ့ချေးငွေတို့နှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများ တက်ရောက် ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
(သတင်းစဉ်)