ရန်ကုန် ဒီဇင်ဘာ ၂၂
ပြေးခုန်ပစ် အားကစားနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးနှင့် အားကစားနည်းအလိုက် ပြေးခုန်ပစ် နည်းပြဆရာများ၊ ဒိုင်လူကြီးများ၊ ဒိုင်သင်တန်းပို့ချမည့် ဆရာများက ပြေးခုန်ပစ် အားကစား လောက တိုးတက်မြင့်မားစေရန်၊ မျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်များ ပြေးခုန်ပစ်အားကစား အသိပညာများ တိုးတက်လာစေရန်၊ အရည်အချင်းပြည့်ဝသည့် လူငယ်ပြေးခုန်ပစ် နည်းပြများ၊ ဒိုင်လူကြီးများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ပြေးခုန်ပစ် အားကစားနှင့် ပတ်သက်သည့် အသိပညာများကို ဟောပြောဖြန့်ဝေပေးကြသည်။
အဆိုပါ ဟောပြောပွဲသို့ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမ များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ယူနေကြသည့် တိုင်းရင်းသားလူငယ် မောင်မယ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)