နေပြည်တော် ဒီဇင်ဘာ ၂၂

 

မူပိုင်ခွင့်ဦးစီးဌာန၏ ()နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဝန်ကြီးဌာန၏ “စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့် စနစ်တစ်ရပ် တည်ထောင်ရန်” ရည်မှန်းချက်နှင့်အညီ နိုင်ငံတော်ကို အထောက်အပံ့ဖြစ်စေမည့်  မူပိုင်ခွင့် စနစ်တစ်ရပ်ကို အကောင်အထည်ဖော် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ တို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အာဏာတည်ခဲ့ပြီး အဆိုပါမူပိုင်ခွင့်လျှောက်လွှာ များအား လက်ခံခြင်း၊ စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ကြရန် လိုအပ်မည်ဖြစ်ကြောင်း။

 

နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်၊ ဝန်ကြီးဌာနက ချမှတ်ထားသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေမည့် ဌာနတစ်ခုအနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ခိုင်မာလာစေ ရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေးအတွက် မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရေးကိုလည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဦးစီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မူပိုင်ခွင့်ဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်မှု Documentary ကို ပြသကာ ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။

 

အဆိုပါအခမ်းအနားသို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)