ရန်ကုန် ဒီဇင်ဘာ ၂၂

 

ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်း တင်ပို့၍ရရှိသော ပို့ကုန်ရငွေဖြင့် စက်သုံးဆီတင်သွင်းရာတွင် ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းမှ ပေးချေရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်/ စက်မှုအသင်းချုပ် (UMFCCI) ၏ အသိပေးချက်အရ သိရသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောက်ခွန်ဦးစီးဌာနမှ ပေးပို့လာသော ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့်ပြောင်း တင်ပို့သည့် ကုမ္ပဏီတစ်ခုချင်း၏ ပို့ကုန်ကြေညာလွှာ (Export Declaration) စာရင်းများကို သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်များသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။


ကုန်စည်တင်ပို့သူသည် ကုမ္ပဏီ၏ ပို့ကုန်ကြေညာလွှာ (Export Declaration) အရ သတ်မှတ်ရက်အတွင်း ဝင်ရောက် လာသည့် ပို့ကုန်ရငွေ၏ ၃၀ ရာခိုင်နှုန်းအနက်မှ ၃၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲလှယ်နှုန်းဖြင့် AD လိုင်စင်ရဘဏ်များက မြန်မာကျပ်ငွေဖြင့် တစ်ရက်အတွင်း လဲလှယ်ပေးမည်ဖြစ်ပြီး ၆၅ ရာခိုင်နှုန်းအား နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading Platform) တွင် ဖြစ်ပေါ်နေသော ဈေးကွက် ပေါက်ဈေးဖြင့် AD လိုင်စင်ရဘဏ်များတွင် ရောင်းချရမည်ဖြစ်ကာ ကျန်ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို သွင်းကုန် (စက်သုံးဆီ)တင်သွင်းခြင်းအတွက် ပြည်ပသို့ပေးချေရန် ကုမ္ပဏီ၏နိုင်ငံခြားငွေစာရင်းတွင် ထည့်သွင်းထားရှိပေးမည် ဖြစ်ကြောင်းလည်း အသိပေးထားသည်။


ကုမ္ပဏီသည် ကိုယ်တိုင်စက်သုံးဆီ တင်သွင်းခြင်းဖြစ်ပါက သွင်းကုန်အတွက်ပေးချေရာတွင် ကုမ္ပဏီ၏ နိုင်ငံခြား ငွေစာရင်းရှိ အဆိုပါ ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းမှ ပေးချေရန်ဖြစ်ကာ စက်သုံးဆီတင်သွင်းသော ကုမ္ပဏီသို့  နိုင်ငံခြားငွေ (ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့ခြင်းမှ ရရှိထားသော ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းအား ရောင်းချမည် ဆိုလျှင်   သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်များမှ Online Trading Platform တွင် တင်ပြ၍ အရောင်းအဝယ် ဆောင်ရွက်ရမည်ဖြစ်ပြီး ရောင်းချသူ၏ နိုင်ငံခြားငွေစာရင်းမှ ဝယ်ယူသူ၏ နိုင်ငံခြားငွေစာရင်းသို့ လွှဲပြောင်းပေးရန်နှင့် မတူညီသောဘဏ်များအကြား လွှဲပြောင်းခြင်းကိုလည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။


စက်သုံးဆီတင်သွင်းမည့်ကုမ္ပဏီမှ လိုင်စင်လျှောက်ထားရာတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့်ပြောင်း တင်ပို့ရာမှ ပို့ကုန်ရငွေ ရရှိထားကြောင်း (သို့မဟုတ်) ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့်ပြောင်းတင်ပို့သည့် ကုမ္ပဏီမှ ပို့ကုန်ရငွေအား ဝယ်ယူထား ကြောင်း အထောက်အထားအဖြစ် AD လိုင်စင်ရဘဏ်များမှ ထုတ်ပေးသည့် Credit Advice နှင့် Bank Statement မူရင်းအား တင်ပြရမည်ဖြစ်ကြောင်းလည်း သိရသည်။

သစ်တော်