နေပြည်တော် ဒီဇင်ဘာ ၂၃

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ အောင်မင်္ဂလာကားဝန်းဟောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌနှင့် MSME အေဂျင်စီအဖွဲ့ဝင်များ၊ MSME လုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသည့် ဧည်သည်တော်များ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန် ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲသာမက စားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုထည်ပစ္စည်းစသည့် ထုတ်ကုန်ပစ္စည်းများအပေါ် ထုတ်ကုန်အမျိုးအစားအလိုက် ပြိုင်ပွဲများ ကျင်းပပေးပြီး ကဏ္ဍအလိုက် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့်ဒေသတွင်း စီးပွားရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် Value Added လုပ်ငန်းများ၊ သွင်းကုန်အစား ထိုးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများကို ရေရှည်တည်တံ့သော MSME လုပ်ငန်းများဖြစ်စေရေးအတွက် အားလုံးက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်းပြောကြားသည်။

ယင်းနောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့်ဈေးရောင်းပွဲတော်အခမ်းအနားကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နှင့် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်MSMEအသင်းဥက္ကဋ္ဌ ဦးကျော်စွာဝင်း တို့ကဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်သည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ထုတ်ကုန် အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက သွေးချင်းတို့ဌာနေ မြန်မာပြည် သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဦးရွှေရိုး ဒေါ်မိုး သီချင်းဖြင့်လည်းကောင်း၊ Music Brand အဖွဲ့မှ စည်းလုံးချင်းအတွက် သီချင်းတစ်ပုဒ် သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး သီဆိုဖျော်ဖြေကြသည့် ကျောင်းသား ကျောင်းသူများနှင့် Music Brand အဖွဲ့ကို  ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။

အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များက ဒေသထွက်ထုတ်ကုန် အရောင်းပြခန်း ဆိုင်ခန်း ၃၈ ခန်းဖြင့် ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ  ပြသရောင်းချမည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေအတွင်းရှိ MSME လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းလာစေရန်၊ ပါဝင်ပြသသူ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ထုတ်ကုန်အရည်အသွေး၊ တီထွင်ဆန်းသစ်မှုများကို လေ့လာနိုင်ရန်၊ ထုတ်လုပ်မှုမှ ကုန်သွယ်မှုအထိ လုပ်ငန်းစဉ်တစ်လျှောက် လိုအပ်ချက်များကို ပိုမိုနားလည်ဆန်းစစ် အဖြေရှာနိုင်စေရန်နှင့် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် MSME လုပ်ငန်းများနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် Regional Trade Promotion မှ International Market အထိ လွယ်ကူလျင်မြန်စွာ ထိုးဖောက်ဝင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်