နေပြည်တော် ဒီဇင်ဘာ ၂၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် တပ်ကုန်းမြို့ မဟာဇနကကျောင်း ပရိယတ္တိစာသင်တိုက်သို့၌ကျင်းပသည့် အသံမစဲဥပ္ပါတသန္တိ ပါဠိတော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ တပ်ကုန်းမြို့၊ မဟာဇနကပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏာရဟမထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည် ပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် မဟာဇနကပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်က ဥပ္ပါတသန္တိ ပါဠိတော်ရွတ်ဖတ်ပူဇော်ရခြင်းအကျိုးကြောင့် နိုင်ငံသူ၊ နိုင်ငံသား၊ ကမ္ဘာသူကမ္ဘာသားများ အားလုံးအန္တရာယ်ခပ်သိမ်းဘေးခပ်သိမ်း ကင်းငြိမ်းပါစေကြောင်း အနုမောဒနာတရား ဟောကြားချီးမြင့်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အလှည့်ကျ ဘာဏက သံဃာတော်က ဥပ္ပါတသန္တိ ပါဠိတော်ကို စတင်ရွတ်ဖတ်ပူဇော်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့၊ မိုဃ်းကောင်းဆုတောင်းပြည့် ဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
သတင်းစဉ်