နေပြည်တော် ဒီဇင်ဘာ ၂၃

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စိုက်ပျိုးမြေများ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ဆောင်းသီးနှံစိုက်ဧရိယာများ စိုက်ပျိုးရေဖူလုံစွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိခရိုင် စက်စက်ယိုရေလွှဲဆည်နှင့် ရေသောက်ဧရိယာ အတွင်းရှိ စိုက်ကွင်းများ ၊ ရာဇဌာနီ လမ်းမကြီးဘေးဝဲယာရှိ ဆောင်းသီးနှံစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သည် ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအနီးရှိ စက်စက်ယိုချောင်းပေါ်တွင် တည်ဆောက်ထားသည့် သံကူကွန်ကရစ် ရာဘာရေလွှဲဆည် အတွင်း ရေဝင်ရောက်မှု ၊ မြောင်းမကြီးရေတံခါး ၊ ရေကူမြောင်းရေတံခါး နှင့် စိုက်ပျိုးရေ ပေးဝေမှုလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးရာဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက ရေလွှဲဆည်ဆိုင်ရာ အချက်အလက်များနှင့် ရာသီအလိုက် စိုက်ပျိုးရေ ပေးဝေမှုတို့ကိုရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်စက်ယိုဆည်ရေသောက်ဧရိယာနှင့် ရာဇဌာနီ လမ်းမကြီးဘေးဝဲယာရှိ ဆောင်းသီးနှံစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဌာနများအားလုံး က အသိပညာပေးခြင်း နည်းပညာဖြန့်ဝေခြင်းအပ်အဝင် လိုအပ်ချက်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ၊ စိုက်ပျိုးမြေများကို တည်ဆဲလယ်ယာမြေဥပဒေ ပြဌာန်းချက်များနှင့် အညီအသုံးပြုရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

စက်စက်ယိုရေလွှဲဆည် မှ စိုက်ပျိုးမြေ စိစစ်ပြီးဧက ၇၈၂ ဧကကို စိုက်ပျိုးရေ ပေးဝေလျက်ရှိကြောင်း၊ ရာဇဌာနီ လမ်းဘေးဝဲယာ ဆောင်းသီးနှံ ၂၃၂ဒသမ၄၅ ဧကတွင် စက်ရေတွင်းများမှ မြေအောက်ရေဖြင့် စိုက်ပျိုးခြင်း ၊ အစိုဓါတ်ထိန်းစိုက်ပျိုးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ရာဇဌာနီလမ်း တောင်ဘက်ခြမ်းရှိ Plastic Lining အတွင်းသို့ ငလိုက်ရေလွှဲဆည်မှ ရေဖြည့်သွင်း၍လည်းကောင်း၊ ရာဇဌာနီလမ်း မြောက်ဘက်ခြမ်းရှိ Plastic Lining အတွင်းသို့ စက်စက်ယိုရေလွှဲဆည်မှ ရေဖြည့်သွင်း၍လည်းကောင်း ဖြည့်စွက်ရေပေးဝေနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီး လိုအပ်ပါက အမြင့်ပိုင်းစိုက်ကွင်း များအတွက် ရွေ့လျားဆိုလာ ရေတင်စက်များအသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်းစဉ်