နေပြည်တော် ဒီဇင်ဘာ၂၃
တောင်သူနည်းပညာဆွေးနွေးပွဲကို ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန တောင်သူ ပညာပေးခန်းမ၌ အပတ်စဉ်စနေနေ့တိုင်းကျင်းပလျက်ရှိရာ ယနေ့တွင် တိုင်းရင်း ကြက်မွေးမြူခြင်းနှင့် ဘဲမွေးမြူခြင်း ခေါင်းစဉ်ဖြင့်ကျင်းပသည်။
(၁၉)ကြိမ်မြောက်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဒေါက်တာတင်ထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တောင်သူများတက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ထောက်ပံ့ပေးခဲ့ပြီး၊ အသေးစား၊ အငယ်စား နှင့်အလတ်စား မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးချဲ့နိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေးနှင့် ပို့ကုန်အဖြစ်တိုးမြှင့်ထုတ်လုပ်နိုင်ရေး ၊ သဘာဝပတ်ဝန်းကျင်၊ ရေမြေရာသီဥတုနှင့် လိုက် လျောညီထွေဖြစ်စေမည့် မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးလာရေး ဌာန၊ ပုဂ္ဂလိက၊ တောင်သူ အားလုံးကကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေးကဏ္ဍနှစ်ရပ်မှ ဝင်ငွေတိုးတက်ရရှိနိုင်မှု၊ ကျေး လက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု၊ လယ်ယာကဏ္ဍမှထွက်ရှိသော ဘေးထွက်စွန့်ပစ်ပစ္စည်းများမှ တိရစ္ဆာန်အစာအဖြစ်အသုံးပြုနိုင်မှု၊ စိုက်ပျိုးရေးထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရာတွင် မွေးမြူရေးကဏ္ဍမှ အဓိကအကျိုးပြုနိုင်မှုတို့ကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပညာရှင်များက အသားတိုးကြက်၊ အသားတိုးဘဲမွေးမြူခြင်း၊ ရောဂါကာကွယ်ခြင်း၊ တိုင်းရင်းကြက်မွေးမြူခြင်းနှင့် ဇီဝ လုံခြုံ ရေး ဆောင်ရွက်ချက်များကိုတင်ပြရာ တက်ရောက်လာသူများက အယ်နီညိုရာသီ ဥတု ပြောင်းလဲမှုကြောင့် ကြုံတွေ့ကြရသည့် အခြေအနေများနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသည့်တောင်သူများက စိုက်ပျိုးရေးသုတေ သနဦးစီးဌာန၊ စပါးသီးနှံသုတေသနဌာနခွဲ၏ ထုတ်ဝေပြီးစပါးမျိုးများ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲပုတ်နှင့် မတ်ပဲမျိုးများ ထုတ်လုပ်ထားရှိမှုများကို ကြည့်ရှုလေ့လာကြရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောင်းလဲလာသည့် ရာသီဥတုအပေါ်မူတည်၍ ထုတ်လုပ်ပေးလိုက် သည့်မျိုးစေ့များ အဆင့်ဆင့်မျိုးပွားခြင်းလုပ်ငန်းတွင် တောင်သူများ၏ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် မွေးမြူရေးသုတေသနဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်းသတ္တဝါနှင့် ရေနေသတ္တဝါ သုတေသနလုပ်ငန်းများ၊ ၂၀၂၃/၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
သတင်းစဉ်