ကေဇင်ရွှန်း
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှအစပြု၍ ကမ္ဘာ့မီဒီယာကဏ္ဍတွင် သမားရိုးကျမီဒီယာ (Traditional Media) နှင့် ခေတ်သစ်မီဒီယာ (New Media) ဟူ၍ ကွဲပြားစွာတည်ရှိလာခဲ့ပါသည်။ သမားရိုးကျမီဒီယာ၌ ပုံနှိပ်နှင့် အသံလွှင့်လုပ်ငန်းများပါဝင်ပြီး ခေတ်သစ်မီဒီယာ၌မူ Online နှင့် Social Media မျိုးစုံပါဝင်မည် ဖြစ်ပါသည်။
တစ်ချိန်က သမားရိုးကျမီဒီယာတွင် သတင်းစာကျင့်ဝတ်နှင့် သတင်းသမားတစ်ဦးချင်း အတွက် လိုက်နာစောင့်ထိန်းကြရမည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ရှိခဲ့သော်လည်း ခေတ်သစ်မီဒီယာတွင်မူ လူထုအားလုံး အယုတ်၊ အလတ်၊ အမြတ်မရွေး ပါဝင်ခွင့်ရခဲ့ပြီး သတင်းသမားနှင့် သတင်းကျင့်ဝတ်ဆိုသည်ကို ဖော်ပြလိုက်နာနိုင်စွမ်းမရှိတော့ချေ။ သမားရိုးကျ မီဒီယာခေတ်ကောင်းစဉ်ကပင် သတင်းလောက၌ သတင်းတု၊ သတင်းမှားနှင့် ဘက်လိုက်သတင်းများ အမျိုးမျိုးရှိခဲ့သော်လည်း နောက်ခံခြေရာလိုက်၍ သက်ဆိုင်ရာသတင်းတိုက်နှင့် သတင်းသမားကို ဖော်ထုတ်နိုင်ခြင်းကြောင့် အလွန်အမင်း ဆိုးရွားမှုမရှိခဲ့ပါ။
ကာကွယ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်း
ခေတ်သစ်မီဒီယာ၌မူ နည်းပညာအလွန်အမင်း ထွန်းကားလာမှုအရ သတင်းသမားသာမက လူထုအားလုံးက သတင်းကို လိုသလိုပုံဖော်ရေးသားလာ ကြသဖြင့် သတင်းတု၊ သတင်းမှားနှင့် ဘက်လိုက်သတင်းများမှာ ကမ္ဘာ့နိုင်ငံအားလုံးရှိ လူသားများအတွက် အထူးစိုးရိမ်စရာ ဖြစ်လာခဲ့ပါသည်။ ယင်းဖြစ်ရပ်ကို ကာကွယ်နိုင်မည့်တစ်ခုတည်းသော နည်းလမ်းမှာ ရင့်ကျက်၍ ပညာရေချိန်မြင့်သော လူသားမျိုးဆက်ဖြစ်နေရန်နှင့် နိုင်ငံ၊ လူမျိုးနှင့် ဘာသာအလိုက် အမျိုးသားရေးသမိုင်းနောက်ခံနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို စံတန်ဖိုး (Value) တစ်ခုအဖြစ် မြတ်နိုးမှုရှိနေကြရန်ဖြစ်ပါသည်။
(၂၀) ရာစုအစပိုင်း၌ ကမ္ဘာတွင် ကမ္ဘာစစ်ကြီး များဖြစ်ပေါ်ပြီး ကိုလိုနီစနစ်ပျက်သုဉ်းခဲ့ပြီးနောက် အရှေ့နှင့်အနောက် စစ်အေးစစ်ပွဲ (East/West Cold War) ဖြစ်ပေါ်ခဲ့သည်ကို လူတိုင်းသိရှိကြပြီး ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် နှစ် ၄၀ ကြာ စစ်အေးစစ်ပွဲကာလ ပြီးဆုံးခဲ့ပါသည်။ ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်ကာလအတွင်း အမေရိကန်တစ်နိုင်ငံတည်းကသာ ကမ္ဘာကို လွှမ်းမိုးခြယ်လှယ်သည့်ခေတ် (Unipolar World) ဖြစ်ခဲ့ပါသည်။
ယင်းကာလများ၌ ကမ္ဘာ့အရပ်ဒေသအသီးသီးတွင် အမေရိကန်နိုင်ငံ၏ ကျူးကျော်ပါဝင် စွက်ဖက်မှုမှာ လွန်စွာများပြားလာသည်။ ထို့ကြောင့် ဒေသအလိုက်စုဖွဲ့ထားသည့် နိုင်ငံငယ်များ၏ အဖွဲ့အစည်းများကလည်း မိမိဒေသကိုကာကွယ်ရန် ပိုမို စုစည်းအားကောင်းလာသည့်အတွက် ကမ္ဘာပေါ်၌ (Multipolar World) ဖြစ်လာမည်ဟုပင် နိုင်ငံရေး သုတေသီအများစုက သုံးသပ်ယူဆခဲ့ကြပါသည်။ သို့သော်လည်း ၂၀၀၀ ပြည့်နှစ်အစပိုင်း၌ ကမ္ဘာတစ်ဝန်းတွင် ခေါင်းထောင်လာသည့် အကြမ်းဖက် ဝါဒ (Terrorism) ကြောင့် လည်းကောင်း၊ ၂၀၀၁ ခုနှစ် World Trade Center ဖြစ်ရပ်ကြောင့် လည်းကောင်း ကမ္ဘာ့နိုင်ငံငယ်အများစုမှာ အမေရိကန်နိုင်ငံ၏ ဆွဲဆောင်စည်းရုံးမှုနောက်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပါသည်။
ပဋိပက္ခအတွင်း ကြားညှပ်ပါဝင်
၂၀၁၀ ပြည့်နှစ်ခန့်အထိ အီရတ်စစ်ပွဲအပါအဝင် စစ်ပွဲမျိုးစုံနှင့်ရှုပ်ထွေးနေခဲ့သော အမေရိကန်နိုင်ငံမှာ ကမ္ဘာ့အလယ်၌ တဖြည်းဖြည်း ဩဇာကျဆင်းလာခဲ့ပါသည်။ ထိုစဉ် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးနာလန်ထမှုအရ ဖွံ့ဖြိုးလာသည့် တရုတ် နိုင်ငံနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များစွာကြွယ်ဝသော ရုရှားနိုင်ငံတို့မှာ အမေရိကန်နိုင်ငံကို ရင်ပေါင်တန်းလာနိုင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့်အတူ စီးပွားရေး ကျဆင်းလာမှုများအကြား၌ အမေရိကန်နိုင်ငံသည် ယှဉ်ပြိုင်ဘက်ဖြစ်လာသော ရုရှားနှင့် တရုတ်နိုင်ငံတို့အား နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအပါအဝင် နည်းမျိုးစုံဖြင့် ထိတွေ့ဖိနှိပ်ထားနိုင်ရန် လက်ရှိအချိန်၌ အထူးအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရှိကြရမည်ဖြစ်ပါသည်။ ယင်းအခြေ အနေအပေါ်မူတည်၍ ပထဝီနိုင်ငံရေးအရ ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံအများစုသည်လည်း ပဋိပက္ခအတွင်း ကြားညှပ်ပါဝင် လှုပ်ရှားနေရပြီဖြစ်သည်ကို သတိပြုနိုင်ကြစေရန်ဖြစ်ပါသည်။
၁၀ နှစ်တာ ဒီမိုကရေစီကို ပြန်လည်လျှောက်လှမ်းစပြုခဲ့သည့်
မြန်မာနိုင်ငံ၏အခြေအနေ မှာ ကမ္ဘာ့မျက်မှောက်အခြေအနေတွင် စိုးရိမ်စရာ အနေအထားတစ်ခုသို့ ရောက်ရှိလျက်ရှိပါသည်။ နက်ရှိုင်းသော သမိုင်းကြောင်းနောက်ခံနှင့် ကွဲပြား လျက်ရှိသည့် တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော်နေထိုင်သော နိုင်ငံအတွင်း နှစ် ၇၀ ကျော်ကြာ ပြည်တွင်းသောင်းကျန်းမှုစစ်ပွဲများကြောင့် လူထု၏ပညာ အရည်အချင်းနိမ့်ကျမှုနှင့် ရင့်ကျက်တည်ငြိမ်မှု နည်းပါးခြင်းတို့က အထူးစိုးရိမ်စရာဖြစ်လျက်ရှိပါသည်။
တိုးတက်လာသော နည်းပညာများနှင့်အတူ အထူးရေပန်းစားလျက်ရှိသည့် New Media ပေါ်မှ သတင်းတု၊ သတင်းမှားနှင့် ဘက်လိုက်သတင်း များစွာတို့မှာ နိုင်ငံအား လုံးဝပျက်စီးပြိုကွဲသွားစေသည်အထိ အန္တရာယ်ရှိနေကြောင်းကို သတိပြုမိကြရန်လည်း အထူးလိုအပ်လျက်ရှိပါသည်။
ပုဂ္ဂလိကမီဒီယာကဏ္ဍမှာ လွတ်လပ်ဖွံ့ဖြိုးတိုးတက်ခဲ့
မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၆၂ ခုနှစ်အထိ ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းခဲ့စဉ်အတွင်း နိုင်ငံ၏ပုဂ္ဂလိကမီဒီယာကဏ္ဍမှာ လွတ်လပ်ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ သမားရိုးကျမီဒီယာဖြစ်သော ပုံနှိပ် သတင်းစာများအနေဖြင့် သူရိယ၊ မြန်မာ့အလင်း၊ ရန်ကုန်၊ ထွန်း၊ ဟံသာဝတီ၊ ကြေးမုံနှင့် လူထုစသဖြင့် အစောင်နှစ်ဆယ်ကျော်ခန့် ထုတ်ဝေခဲ့ကြောင်း တွေ့ရှိရမည်ဖြစ်သည်။ အလားတူ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဒေးလီးမော်နီတာ (Daily Monitor)၊ သည်နေးရှင်း (The Nation)၊ ဂါးဒီးယန်း (Guardian) နှင့် ယူနီယံအိပ်ပရက်စ် (Union Express) စသော သတင်းစာများလည်း ထုတ်ဝေခဲ့ကြောင်းတွေ့ရှိရမည်ဖြစ်ပါသည်။
၁၉၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သည်လည်း ဒီမိုကရေစီမှ အသွင်ပြောင်းလဲကာ ပုဂ္ဂလိကလုပ်ငန်းအများစုကို နိုင်ငံပိုင်ပြုလုပ်ခဲ့သဖြင့် ကြေးမုံ၊ ဗိုလ်တထောင်နှင့် လုပ်သားပြည်သူ့ နေ့စဉ်အပါအဝင် ဂါးဒီးယန်းသတင်းစာတို့ကို အစိုးရ သတင်းစာများအဖြစ် ပြောင်းလဲခဲ့ပါသည်။ ထိုစဉ်က ကမ္ဘာ၏နိုင်ငံရေးအခြေအနေသည် အရှေ့အုပ်စုနှင့် အနောက်အုပ်စု၏ စစ်အေးစစ်ပွဲကာလဖြစ်ပြီး အုပ်စုနှစ်ဖက်က နည်းမျိုးစုံဖြင့် ဆွဲဆောင်သိမ်းသွင်းကြသော ဝါဒဖြန့်မှုအမျိုးမျိုး ဖြစ်ပေါ်လာခြင်းကြောင့် ပုဂ္ဂလိကသတင်းစာများအားလုံးကို ထုတ်ဝေခွင့်ရပ်စဲခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ သတင်းစာ ဆရာအများစုသည် အနောက်နိုင်ငံများအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့သို့ တိမ်းရှောင်သွားခဲ့ကြပြီး ပြည်ပမှနေ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေများအပေါ် သုံးသပ်စွပ်စွဲပြောဆိုမှု အမျိုးမျိုး ပြုလုပ်ခဲ့ကြကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။ ထို့အတူ အမေရိကန်နိုင်ငံ၏ စီအိုင်အေ အပါအဝင် အဖွဲ့အစည်းမျိုးစုံကလည်း မြန်မာသတင်းစာဆရာများကို ချဉ်းကပ်၍ ဝါဒဖြန့်မှု အမျိုးမျိုးအား ပြည်တွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ The Nation သတင်းစာကို ထုတ်ဝေသော ဦးလောရုံသည်လည်း ယင်းတို့အနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့ကာ ထိုင်းနိုင်ငံ သတင်းစာလောကသို့ ဝင်ရောက်၍ မြန်မာဝန်ကြီးချုပ်ဟောင်း ဦးနု ပါလီမန်ဒီမိုကရေစီပါတီ (PDP) အတွက် အလုပ် လုပ်ပေးခဲ့ကြောင်း သိရှိကြရပါသည်။ ယင်းနောက် ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းများတွင် အထက်ပါ မြန်မာနိုင်ငံမှ ပြည်ပြေးသတင်းစာဆရာ အများစုသည် အနောက်အုပ်စု၏ ကျောထောက် နောက်ခံကိုရယူလျက် အနောက်နိုင်ငံရှိ အချို့မြို့ များအပါအဝင် မြန်မာနိုင်ငံနှင့် ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်မြို့များတွင် သတင်းစာသင်တန်းမျိုးစုံကို နိုင်ငံတွင်းမှ New Generation သတင်းသမားများ အား မက်လုံးပေး စည်းရုံးခေါ်ယူ သင်တန်းပို့ချခဲ့ကြ ကြောင်း သိရှိရပါသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ Propaganda စံနှုန်းများ သင်ကြားပို့ချ
နိုင်ငံအတွင်း၌လည်း နိုင်ငံကြီးတချို့က ဘာသာစကားနှင့် အသိပညာတိုးပွားရေးကို ဗန်းပြပြီး နိုင်ငံတွင်း လူငယ်အများစုကို သတင်းစာပညာ ခေါင်းစဉ်ဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ Propaganda စံနှုန်းများ သင်ကြားပို့ချပေးခဲ့ပါသည်။ သို့သော် ၎င်းတို့၏ အဓိက Concept မှာမူ မည်သည့် အုပ်ချုပ်သူအစိုးရမျိုးကိုမဆို ဆန့်ကျင်တွန်းလှန်သွားရန်နှင့် အလုံးစုံလွတ်လပ်သော လူ့အခွင့်အရေးမျိုးရရှိရန်ဖြစ်ရာ အမှန်တကယ် အနောက်နိုင်ငံများ၏ ဒီမိုကရေစီစံတန်ဖိုးများနှင့် ကိုက်ညီမှု လုံးဝမရှိကြောင်းကို တွေ့ရှိကြမည်ဖြစ်ပါသည်။ သို့ဖြင့် ယင်းလူငယ်အများစုမှာ လက်ရှိအချိန်တွင် မြန်မာ့နိုင်ငံရေးနှင့် မီဒီယာလောက၌ အဓိကပါဝင် လှုပ်ရှားလျက်ရှိသော ဆန့်ကျင်အမုန်းပွား တော်လှန်ရေးမျိုးဆက်များအဖြစ် တွေ့မြင်လာရလျက်ရှိပါသည်။
လက်ရှိအချိန်တွင် ဗွီအိုအေ မြန်မာပိုင်းအသံ၊ ဘီဘီစီမြန်မာပိုင်း အပါအဝင် ဧရာဝတီ၊ မဇ္ဈိမ၊ ခေတ်သစ် အစရှိသော မီဒီယာများသည် သမားရိုးကျ မီဒီယာနှင့် ခေတ်သစ်မီဒီယာနည်းလမ်းများကို အသုံးပြုလျက် နိုင်ငံကို ပြိုကွဲပျက်စီးစေမည့် သတင်းတု၊ သတင်းမှားနှင့် ဘက်လိုက်သတင်း မျိုးစုံကို ထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိကြရမည် ဖြစ်ပါသည်။ ၎င်းမီဒီယာများသည် သတင်း ထုတ်လုပ်မှုအပိုင်းတွင်လည်း အချို့သောမြေပြင် သတင်းအမှန်အနည်းစုအပေါ် မူတည်ကာ ၎င်းတို့ ပုံဖော်ထုတ်လွှင့်စည်းရုံးလိုသည့် ဘက်လိုက် သတင်း၊ သတင်းမှားများအား ရောနှောထုတ်လွှင့် ဖြန့်ချိနေကြခြင်းဖြစ်သဖြင့် နိုင်ငံ၏ ပြည်သူလူထု အနေဖြင့် သတင်းများကို ဆန်းစစ်ချင့်ချိန်သိရှိ ယုံကြည်တတ်ရန်မှာ အထူးအရေးပါကြောင်း အသိပေးဖော်ပြလိုခြင်း ဖြစ်ပါသည်။
အရေးအပါဆုံးနေရာ၌ တည်ရှိ
မျက်မှောက် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ပဋိပက္ခ အကြား ပထဝီနိုင်ငံရေးအခြေအနေအရ မြန်မာနိုင်ငံ သည်လည်း ပါဝင်ပတ်သက်နေရလျက်ရှိသည်။ တရုတ်၏ BRI အစီအစဉ် အစိတ်အပိုင်းတစ်ခု ဖြစ်သော တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ဘင်္ဂလား ပင်လယ်အော်အထိ ရထားလမ်းကွန်ရက် ဖြန့်ကြက် ဆက်သွယ်ရေးအစီအစဉ်တွင် မြန်မာနိုင်ငံ၏ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် အရေး အပါဆုံးနေရာ၌ တည်ရှိပါဝင်နေသဖြင့် မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကို ဟန်ချက်ညီထိန်းညှိဆောင်ရွက်သွားမည့်အခြေအနေ ဖြစ်ပေါ်လျက်ရှိပါသည်။
ပြီးခဲ့သည့် အစိုးရအဆက်ဆက် အပါအဝင် လက်ရှိ နိုင်ငံတော်အစိုးရအနေဖြင့်လည်း အထက်ပါ စီမံကိန်းကို သဘောတူညီမှုရှိခဲ့ကြပြီးဖြစ်သကဲ့သို့ အမြန်ဆုံး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား ကြိုးပမ်း ညှိနှိုင်းဆောင်ရွက်နေပြီ ဖြစ်ပါသည်။
BRI စီမံကိန်းအရ ကမ္ဘာနှင့် အာရှဒေသတွင်း တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ် ချဲ့ထွင်လုပ်ဆောင်လာနိုင်မည့် ဖြစ်စဉ်အပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံများအနေဖြင့် ကြီးစွာစိုးရိမ်လျက်ရှိပြီး မြန်မာနိုင်ငံ၌ ယင်းစီမံကိန်း မဖြစ်ပေါ်စေနိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေသည်ကိုလည်း မျက်ဝါး ထင်ထင် တွေ့မြင်နေကြရမည်ဖြစ်ပါသည်။ ယခုကဲ့သို့ ပြည်တွင်းဆူပူမငြိမ်သက်မှုများနှင့် သောင်းကျန်းမှု စစ်ဆင်ရေးများကို ရင်ဆိုင်ကြုံတွေ့နေကြရခြင်း ဖြစ်ပြီး နိုင်ငံသူ နိုင်ငံသားများအနေဖြင့် Media မျိုးစုံမှ ပေါ်ထွက်လာသော သတင်းများအပေါ် သေချာစွာ ချင့်ချိန်သုံးသပ် ဆင်ခြင်အတည်ပြု၍ ယုံကြည်သွားကြရန် အထူးလိုအပ်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။