နေပြည်တော်၊ ဒီဇင်ဘာ ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ အောင်ကြီးသည် ယနေ့တွင်  ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ် (၃၅) ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေမှု၊ ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လယ်ယာသားငါးကဏ္ဍအတွက် အရေးပါသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးရေး၊ အတတ်ပညာသာမက အသိပညာနှင့် တွေးခေါ်မြော်မြင်နိုင်စွမ်း မြင့်မားရေးအတွက် ဂရုတစိုက်ပျိုးထောင်ပေးရေး ဆွေးနွေးမှာကြားပြီး စာသင်ဆောင်၊ ထမင်းစားဆောင်နှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

မနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် နေပြည်တော်မြို့မစျေးရှိ စိုက်ပျိုးမွေးမြူထုတ် လုပ်သူများ၏ လက်လီလက္ကား အခွန်လွတ်စျေးသို့ရောက်ရှိပြီး ဝန်ထမ်းများ၊ ဒေသနေ ပြည်သူများ လတ်ဆတ်သော သားငါးဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသင့်တင်စွာ စားသုံးနိုင်ရန် ကိုယ်တိုင်စိုက်ပျိုးမွေးမြူသူများနှင့် စားသုံးသူများကြားခံမလိုပဲ တိုက်ရိုက် ရောင်းချနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ ရေရှည်တည်တံ့စွာ ဆောင်ရွက်နိုင်ရေး၊ အစားအစာ ဘေးကင်းလုံခြုံရေး ဆွေးနွေးမှာကြားပြီး စားသောက်ကုန်များ ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ် ဇီးကုန်းကျေးရွာမှ  မွေးမြူရေး တောင်သူဦးဝင်းဦး၏ အသား တိုးကြက်မွေးမြူရေးခြံကို ကြည့်ရှုစစ်ဆေးပြီး ဇီဝလုံခြုံရေးနှင့် ကူးစက်နိုင်သည့်ရောဂါများ ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေး၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်ကို ဆောင်ရွက်ခြင်းဖြင့်  လယ်ယာဘေးထွက်ပစ္စည်းများမှ တိရစ္ဆာန်အစာ ဖြည့်ဆည်းပေးနိုင်မှုနှင့်  တိရစ္ဆာန်အညစ်အကြေးမှ သဘာဝမြေဩဇာ အသုံးပြုနိုင်မှုများ ပါဝင်သည့် လှည့်ပတ်သုံးစွဲနည်းစနစ် တွဲဖက်ဆောင်ရွက်ကြရေး ဆွေးနွေးမှာကြားသည်။

သတင်းစဉ်