ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းသားဟောင်းများ အသင်းကကြီးမှူးကျင်းပသည့် ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းရာပြည့် အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ ရန်ကုန် တက္ကသိုလ်များ လှေလှော်အသင်း၌ ကျင်းပရာ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း နာယက ဒေါက်တာ ကံဇော် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ YUBC အသင်းသားဟောင်းများအသင်းဥက္ကဋ္ဌ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းဥက္ကဋ္ဌ၊ အသင်းသူ၊ အသင်းသားများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်း ရာပြည့်အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး၊ YUBC အသင်းသားဟောင်းများအသင်းဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း ဥက္ကဋ္ဌ၊ ရန်ကုန်တက္က သိုလ်ပါမောက္ခချုပ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်ပါမောက္ခချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် YUBC အသင်းကြီး၏ ဆောင်ပုဒ်ဖြစ်သည့် “သေသည့်တိုင်အောင် တက်ကိုဆောင်” Row Till You Are DEAD တက်ညီလက်ညီ လှော်ခတ်မည် ဆောင်ပုဒ်နှင့်အညီ ကျောင်းသားမျိုးဆက်တိုင်း ခေါင်းဆောင်မှု၊ စည်းလုံးညီညွတ်မှု၊ တက်ညီလက်ညီမှုတို့မှ ရှေ့ပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိ ကာ အောင်ပွဲခံနိုင်မည်ဆိုသည့် စိတ်ဓာတ်များကို မွေးမြူလေ့ကျင့် ပေးလျက်ရှိကြောင်း၊ နိုင်ငံအဆင့်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် လှေလှော်အားကစား အောင်မြင်တိုးတက်စေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် YUBC အသင်းနှစ် ၁၀၀ ပြည့် အခမ်းအနားမှသည် နောင်နှစ်ပေါင်းများစွာတိုင် အသင်းကြီး၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး မျိုးဆက်သစ်များအား လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်းဥက္ကဋ္ဌက ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများသည် YUBC အသင်း၏ သမိုင်းဝင် ဓာတ်ပုံမှတ်တမ်းများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းဝင်များက ပြိုင်ပွဲဝင်လေးယောက်လှော်၊ ရှစ်ယောက်လှော် အမျိုးသား၊ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကြရာ YUBC CENTENARY CUP ဖလားရရှိသော အမျိုးသား/ အမျိုးသမီးအသင်းအား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်များအား တက္က္ကသိုလ်ပါမောက္ခချုပ်များနှင့် YUBC အသင်းသားဟောင်းများကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အသင်း၏အောင်နိုင်ရေးအထိမ်းအမှတ် ကြွေးကြော်သံကို သံပြိုင်ဟစ်ကြွေး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း၏ နှစ်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ညပိုင်းတွင် ဆက်လက်ကျင်းပသည်။
ရန်ကုန်တက္ကသိုလ်လှေလှော်အသင်း(YUBC)၏ နှစ်၁၀၀ပြည့် အခမ်းအနားကို တက္ကသိုလ်များ လှေလှော်အသင်း၏ အခန်းကဏ္ဍနှင့် စွမ်းဆောင်ချက်များအား ကျောင်းသား၊ ကျောင်းသူများ ကျယ်ပြန့်စွာသိရှိစေရန်၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များ ပိုမိုချိတ်ဆက်မှု ရရှိပြီး လှေလှော်အားကစားထူးချွန်သူများ စနစ်တကျမွေးမြူရေးကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်ရန်၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ YUBC သို့ အသင်းသားအဖြစ်ဝင်ရောက်၍ မြန်မာ့လှေလှော်အားကစားမြှင့်တင်ရေးတွင် ပါဝင်ဆောင်ရွက်လိုစိတ်များ မြင့်မားလာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်