ရန်ကုန်၊ ဒီဇင်ဘာ ၂၄

 

မြန်မာနိုင်ငံ စာရေးဆရာ အသင်း ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီး စာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန် မြို့ မြို့တော်ခန်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကန်တာ့ခံသက်ကြီးစာပေပညာရှင် ဆရာ ကြီး ဆရာမကြီးများ၊ မြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ပေးအပ်လှူဒါန်း

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ နှင့် ငွေကျပ် ၁၀၃ သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်များအား ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က လက်ခံရယူသည်။

 

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် ငွေကျပ် ၂၅ သိန်းကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ် သိန်း ၁၅၀ နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက လှူဒါန်းသည့် ငွေကျပ် ၂၇ သိန်း ၈ သောင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ လှူဒါန်းသည့် ငွေကျပ် ၁၀ သိန်းကို ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ငွေကျပ်သုံးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး မိသားစုက လှူဒါန်းသည့် ငွေကျပ် သုံးသိန်းတို့ကို ဦးခင်မောင်စိုးက လည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာတွင်

 

နှစ်စဉ် စာပေပညာရှင်ကြီးများ အား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ (၃၆)ကြိမ်ရှိပြီ ဖြစ်ပါကြောင်း၊ နတ်တော်လဆန်း ၁ ရက်နေ့ကို နှစ်စဉ်စာဆိုတော်နေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က စာပေ ပညာရှင်ကြီးများကို အလေးထား ပါကြောင်း၊ နိုင်ငံတော်ကလည်း စာပေလောကသားများ၊ စာပေ ပညာရှင် စာရေးဆရာကြီး ဆရာမကြီးများကို တတ်စွမ်း သရွေ့ ကြည့်ရှုစောင့်ရှောက်ပေးလျက် ရှိပါကြောင်း။

 

လက်ရှိနိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် သတင်းတု၊ သတင်းမှားများကြောင့် တိုင်းရင်းသား ပြည်သူများ ဒုက္ခရောက်စေမည့်ဘေးမှ ကင်းဝေးနိုင်စေရေး စာပေပညာရှင် စာရေးဆရာကြီးများက မိမိတို့ နားလည်တတ်ကျွမ်းထား သည့် စာပေကလောင်စွမ်းအားဖြင့် သတင်းအမှန်များကို ဖော်ထုတ် ရေးသားပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

mdn

 

ဆက်လက်၍ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) က အလှူရှင် စာရင်းကို ဖတ်ကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ကန်တော့ခံ သက်ကြီးစာပေ ပညာရှင်ကြီးများအား ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး ကန်တော့ပစ္စည်းနှင့် ကန်တော့ငွေများ ပေးအပ်ကြသည်။

 

 ယင်းနောက် ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများကိုယ်စား အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီး ဒေါက်တာထွန်းတင့်(မြန်မာစာ)က ဩဝါဒစကား ပြောကြားသည်။

 

မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုချီးမြှင့်ပွဲတွင် ပါဝင်ဆောင်ရွက်ကြမည့် ရွှေကြိုမောင်မယ်များ ရွေးချယ်ပွဲ သို့ တက်ရောက်ကြည့်ရှုအားပေး ပြီး နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲ အတွက် ရွှေကြိုမောင်မယ်များ ရွေးချယ်နိုင်ရန် ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ လျှောက်လွှာများ ခေါ် ယူခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသူ ၂၅၃ ဦး လျှောက်ထားခဲ့သည်။

 

အဆိုပါ လျှောက်ထားသူများ အား ဒီဇင်ဘာ ၁၇ ရက်မှစ၍ စိစစ် ရွေးချယ်ခဲ့ရာ ပဏာမအဆင့် ၉၇ ဦး ရွေးချယ်ခဲ့ပြီး ဒုတိယအဆင့် ဆက်လက် စိစစ်ရွေးချယ်နေကြောင်း သိရသည်။

 

ရွှေကြိုမောင်မယ်ရွေးချယ်ပွဲကို အကယ်ဒမီ ဝါရင့်သရုပ်ဆောင်များဖြင့် စုဖွဲ့ထားသော ဒိုင်များက အသံပီသမှု၊ လမ်းလျှောက်မှု ဟန်ပန်၊ သရုပ်ဖော်ပြသခြင်းနှင့် ကျွမ်းကျင်ရာပြသမှုတို့ကို အမှတ် ပေးကြပြီး ရွေးချယ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်