အိုဇုန်းဌာနစိတ်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (၁၉၈၅)၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်သဘောတူစာချုပ် (၁၉၈၇)နှင့် လန်ဒန်ပြင်ဆင်ချက် (၁၉၉၀) တို့တွင် ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့၌လည်းကောင်း၊ ကိုပင်ဟေဂင်ပြင်ဆင်ချက် (၁၉၉၂) တွင် ၂၀၀၉ ခုနှစ် မေလ ၂၂ ရက်နေ့၌လည်းကောင်း၊ မွန်ထရီရယ်ပြင်ဆင်ချက် (၁၉၉၇) နှင့် ပေကျင်းပြင်ဆင်ချက် (၁၉၉၉) တို့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့၌လည်းကောင်း အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် ပြင်ဆင်ချက်များအနက် မြန်မာနိုင်ငံမှ ဝင်ရောက်ရန်ကျန်ရှိနေသည့် ကီဂါလီပြင်ဆင်ချက်သို့ မကြာမီကာလအတွင်း အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ရေးတို့ကို အခြားကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ (Ozone Depleting Substances) ထုတ်လုပ်မှု၊ သုံးစွဲမှုများအား ကန့်သတ် ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များကို ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် အမျိုးအစားများဖြစ်သည့် HCFCs-22၊ HCFC-141b၊ HCFC-123 များ စသည်တို့ကို အကန့်အသတ်ဖြင့်ခွင့်ပြုခြင်း၊ ရေခဲသေတ္တာနှင့် လေအေးပေးစက် ပြုပြင် ထိန်းသိမ်းရေး ကဏ္ဍများတွင် ဟိုက်ဒရိုကလိုရိုဖလူရို ကာဗွန် (HCFCs) သုံးစွဲမှုကို လျှော့ချခြင်း၊ ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFCs) အခြေပြုပစ္စည်းအသစ် တင်သွင်းခြင်းများကို ကန့်သတ်ခြင်း ဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)၊ ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ
မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်မှ ထိန်းချုပ်ထားသော အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်း (Ozone Depleting Substance-ODS) များအနက် မြန်မာနိုင်ငံတွင် အသုံးပြုသည့် အဓိက ဒြပ်ပစ္စည်းများမှာ ကလိုရင်းပါဝင်သည့် ရေခဲသေတ္တာ၊ မော်တော်ယာဉ် လေအေးပေးစက်၊ အအေးခန်း၊ ဖျန်းဆေး၊ မှုတ်ဆေး၊ ဆိုဖာရေမြှုပ်နှင့် လျှပ်စစ်ပစ္စည်း သန့်စင်ရာတွင်သုံးစွဲသည့် ကလိုရိုဖလူရိုကာဗွန် (CFCs)၊ အဆောက်အအုံများတွင် တပ်ဆင်သည့်လေအေးစက်၊ အအေးခန်းနှင့် ဆိုဖာရေမြှုပ်တွင်သုံးစွဲသည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs)၊ သတ္တုပစ္စည်းများသန့်စင်ရာတွင် သုံးစွဲသည့် ကာဗွန်တက်ထရာ ကလိုရိုက်၊ လျှပ်စစ်ပစ္စည်းများသန့်စင်ရာတွင်သုံးသည့် မီသိုင်းကလိုရိုဖောင်း၊ ဘရိုမင်းပါဝင်သည့် မီးသတ်ဆေးဘူးများတွင် သုံးစွဲသည့် ဟေလွန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပိုးသတ်ဆေးအဖြစ် သုံးစွဲသည့် မီသိုင်းဘရိုမိုက်တို့ဖြစ်ကြပါသည်။
လျှော့ချရပ်ဆိုင်းပြီးသည့် အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများ
မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်အရ ဖွံ့ဖြိုးဆဲစာချုပ်အဖွဲ့ဝင် နိုင်ငံများအတွက် သတ်မှတ်ပေးထားသည့် အချိန်ဇယားအတိုင်း အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ တင်သွင်းသုံးစွဲမှုကို လျှော့ချရပ်ဆိုင်းပေးရပါသည်။ မြန်မာနိုင်ငံသည် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ သုံးစွဲမှုနည်းပါးသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်းဒြပ်ပစ္စည်းများ ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုမရှိဘဲ တင်သွင်းမှုသာရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဖြစ်သည့် ဟိုက်ဒရိုဘရိုမိုဖလူရိုကာဗွန် (HBFCs) ကို ၁၉၉၆ ခုနှစ် တွင်လည်းကောင်း၊ ဘရိုမိုကလိုရိုမီသိန်း (CH2BrCl) ကို ၂၀၀၂ ခုနှစ် တွင်လည်းကောင်း၊ ကလိုရိုဖလူရိုကာဗွန် (CFCs)ကို ၂၀၀၇ ခုနှစ်တွင် လည်းကောင်း၊ ဟေလွန်၊ Halogenated (CFCs) နှင့် ကာဗွန်တက်ထရာ ကလိုရိုက် (CCl4) တို့ကို ၂၀၁၀ ပြည့်နှစ်တွင်လည်းကောင်း၊ မီသိုင်းဘရိုမိုက် (CH3Br) ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း တင်သွင်းခြင်းကို အပြီးသတ် ရပ်ဆိုင်းပြီးဖြစ်ပါသည်။ (ခြွင်းချက်အနေဖြင့် မီသိုင်းဘရိုမိုက်ကို သင်္ဘောမတင်မီ ပိုးသတ်မှိုင်းတိုက်ခြင်းလုပ်ငန်း [Quarantine on Pre-shipment (QPS)] အတွက်သာ တင်သွင်းသုံးစွဲ ခွင့်ပြုထားပါသည်)။
ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် တင်သွင်းသုံးစွဲမှုဆိုင်ရာ နောက်ဆုံးအခြေအနေ
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် “အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့်” အရ HCFC-22/R-22 ဒြပ်ပစ္စည်း တင်သွင်းသုံးစွဲမှုကို အကောက်ခွန်ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၁၅ ခုနှစ် မှစ၍ အခြေခံကန့်သတ်ချက်တန်ပမာဏအတွင်း နှစ်စဉ် လိုင်စင်စနစ်၊ ခွဲတမ်းစနစ်ဖြင့် သင်္ဘောတင်ပစ္စည်းကိုသာ ခွင့်ပြုလျက်ရှိပါသည်။
ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်အရ အိုဇုန်းလွှာပျက်စီးစေသော အဓိက ဒြပ်ပစ္စည်းတစ်မျိုးဖြစ်သည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်များ (HCFCs) သုံးစွဲမှုကို ၂၀၁၃ ခုနှစ်မှစတင်၍ ၂၀၀၉-၂၀၁၀ ပြည့်နှစ် အတွင်း တင်သွင်းသုံးစွဲခဲ့သည့် အခြေခံသတ်မှတ်ချက် ၇၈ ဒသမ၁၈ မက်ထရစ်တန်သာ သုံးစွဲရန်၊ ၂၀၁၅ ခုနှစ်တွင် အခြေခံသတ်မှတ်ချက်၏ ၁၀ ရာခိုင်နှုန်း (၇၀ ဒသမ ၃၆ တန်)၊ ၂၀၂၀ ပြည့်နှစ်တွင် ၃၅ ရာခိုင်နှုန်း (၅၀ ဒသမ ၈ တန်) နှင့် ၂၀၂၅ ခုနှစ်တွင် ၆၇ ဒသမ ၅ ရာခိုင်နှုန်း (၂၅ ဒသမ ၄ တန်) အသီးသီးလျှော့ချကာ ၂၀၃၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျန်ရှိသည့် ရေခဲသေတ္တာ၊ လေအေး ပေးစက်များတွင် ဝန်ဆောင်မှုအတွက် ၂ ဒသမ ၅ ရာခိုင်နှုန်း (၁ ဒသမ ၉၅ တန်) ကို ခြွင်းချက်အနေဖြင့် ခွင့်ပြုထားသည်မှအပ ၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ်လျှော့ချ ရပ်ဆိုင်းသွားရမည်ဖြစ်ပါသည်။
မြင်းကောင်ရေ ၂ ဒသမ ၅ အောက်အင်အားရှိ လေအေးပေးစက်များ တင်သွင်းမှု တားမြစ်ကန့်သတ်
အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ထုတ်လုပ်မှု၊ သုံးစွဲမှုများအား ကန့်သတ်ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများ တင်သွင်းအသုံးပြုခြင်းကို ကန့်သတ်ခြင်းသာမက အဆိုပါဒြပ်ပစ္စည်း ထည့်သွင်းအသုံးပြုသည့် စက်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းမှုကိုပါ ကန့်သတ်တားမြစ်ရမည် ဖြစ်သဖြင့် အဆောက်အအုံများတွင် တပ်ဆင်သည့် ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFC-22/ R-22) အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ အောက် အင်အားရှိ လေအေးပေးစက်များ ပြည်တွင်းသို့ တင်သွင်းမှုကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ တားမြစ်သည့် အမိန့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၏ ၂-၄-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၈/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
မြင်းကောင်ရေ ၂ ဒသမ ၅ နှင့်အထက် စွမ်းအားရှိသည့် လေအေးပေးစက်နှင့် အကြီးစားစက်ပစ္စည်းများ တင်သွင်းမှုတားမြစ်
မြန်မာနိုင်ငံအပါအဝင် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံအားလုံးက စာချုပ်ပါ ကတိကဝတ်များအတိုင်း ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှုလျှော့ချရပ်ဆိုင်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက် လျက်ရှိရာ HCFC-22/R-22 ထည့်သွင်းအသုံးပြုထားသည့် စက်ပစ္စည်းများ ထုတ်လုပ်မှု/ တင်သွင်းမှုတို့အား တားမြစ်ခြင်းကို အာဆီယံဒေသ တွင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစ၍လည်း ကောင်း၊ မလေးရှားနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစ၍ လည်းကောင်း၊ ထိုင်း နိုင်ငံတွင် ၂၀၁၈ ခုနှစ်မှစ၍လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မှစ၍လည်းကောင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရှိရပါသည်။
HCFC-22/R-22 အပါအဝင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ (21000 BTU/hr) နှင့်အထက် စွမ်းအားရှိသည့် လေအေးပေးစက်နှင့် အကြီးစားစက်ပစ္စည်းများဖြစ်သည့် Commercial Refrigerator များ၊ Cold Storage များ၊ Chiller များ တင်သွင်းခြင်းကို တားမြစ်ကန့်သတ်နိုင်ခြင်းမရှိပါက “ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFCs) အခြေပြုပစ္စည်း အသစ်တင်သွင်းခြင်းများအား ကန့်သတ်ခြင်း” ဟူသည့်နည်းလမ်းနှင့် ကိုက်ညီမှုမရှိတော့ဘဲ အခြားနိုင်ငံများအားလုံးတွင် အသုံးပြုခြင်းမရှိတော့သည့် ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFCs) အသုံးပြုသည့် စက်ပစ္စည်းများ မိမိနိုင်ငံအတွင်း စုပြုံဝင်ရောက်လာနိုင်သည့်အပြင် လက်ရှိ တပ်ဆင်ပြီးဖြစ်သည့် စက်ပစ္စည်းများ၏သက်တမ်းမှာ ငါးနှစ်မှ ၁၀ နှစ်အတွင်းဖြစ်၍ ၂၀၄၀ပြည့်နှစ် တွင် HCFCs ဒြပ်ပစ္စည်းများ လုံးဝရပ်ဆိုင်းပြီးချိန်အထိ စက်ပစ္စည်းများ များပြားစွာဆက်လက်သုံးစွဲနေမှုကြောင့် HCFCs ဒြပ်ပစ္စည်းလိုအပ် ချက်မြင့်မားနေပြီး တရားမဝင်တင်သွင်းမှုများ၊ တရားမဝင်ဈေးကွက် များဖြစ်ပေါ်လာနိုင်ကာ ထိန်းချုပ်ရန်ခက်ခဲစေမည်ဖြစ်ပါသည်။
HCFC-22/R-22 အပါအဝင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ (21000 BTU/hr) နှင့်အထက်စွမ်းအားရှိ အကြီးစားစက်ပစ္စည်းများ တင်သွင်းမှု ကန့်သတ်ရာတွင် စတင်တားမြစ်သည့်နေ့မှစ၍ စက်ပစ္စည်းအသစ်များ ပြည်တွင်းသို့ တင်သွင်းမှုကိုသာ ကန့်သတ်တားမြစ်ခြင်းဖြစ်၍ ယခင် တပ်ဆင်ပြီးဖြစ်သည့် HCFCs သုံး စက်ပစ္စည်းများကို ဆက်လက်သုံးစွဲ နိုင်မည်ဖြစ်ရာ လုပ်ငန်းရှင်များအတွက် စက်ပစ္စည်း၏သက်တမ်း ကာလအတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သဖြင့် ဈေးကွက် အခြေအနေကို ထိခိုက်နိုင်မှုမရှိကြောင်း ဆွေးနွေးချက်များအရ သိရှိရ ပါသည်။
သို့ဖြစ်ရာ HCFC-22/R-22 အပါအဝင် ဟိုက်ဒရိုကလိုရိုဖလူရို ကာဗွန် (HCFCs) အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ (21000 BTU/hr) နှင့်အထက် စွမ်းအားရှိသည့် လေအေးပေးစက်နှင့် အကြီးစား စက်ပစ္စည်းများဖြစ်သည့် Commercial Refrigerator များ၊ Cold Storage များ၊ Chiller များ ပြည်တွင်းသို့ တင်သွင်းမှုကို တားမြစ် ကန့်သတ်ခြင်းအား ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၊ နည်းပညာဆိုင်ရာအဖွဲ့အစည်းများ၊ အမျိုးသားအိုဇုန်းယူနစ် အဖွဲ့ဝင်များ၊ HCFC ဒြပ်ပစ္စည်းနှင့် ၎င်းဒြပ်ပစ္စည်း ဖြည့်သွင်းအသုံးပြု သည့် စက်ပစ္စည်းများ တင်သွင်း/ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင် များနှင့် ညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်ခြင်းနှင့် သဘောထား မှတ်ချက်များရယူကာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်တားမြစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးအတွက် အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းသုံးစွဲမှုနှင့် အဆိုပါ ဒြပ်ပစ္စည်းများထည့်သွင်းအသုံးပြုရသည့် အအေးပေးစက်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းမှုထိန်းချုပ်နိုင်ရန် “ဟိုက်ဒရိုကလိုရိုဖလူရို ကာဗွန် (HCFCs) အခြေပြုပစ္စည်း အသစ်တင်သွင်းခြင်းများအား ကန့်သတ်ခြင်း” လုပ်ငန်းစဉ်များမှာ တစ်ဦးတစ်ယောက်တည်းအင်အား ဖြင့် ဆောင်ရွက်၍မရပါ။
အအေးပေးဒြပ်ပစ္စည်း/အအေးပေးစက်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းရောင်းချသည့် လုပ်ငန်းရှင်များမှအစပြု၍ တပ်ဆင်ပြုပြင် ရေးလုပ်သားများ၊ သုံးစွဲသူများ၊ အားလုံးသောအစိုးရ၊ ပုဂ္ဂလိကကဏ္ဍ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များသည် တာဝန်သိကြရန် လိုအပ်သည့်အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ချမှတ်ထားသည့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့်၊ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်နှင့် ပြင်ဆင်ချက်ပါ ကတိကဝတ်များကို လိုက်နာရန် အထူးပင်အရေးကြီးပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ကိုးကား
- https://ozone.unep.org/treaties/ montreal-protocol
- www.unep.org/[email protected]
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အိုဇုန်းလွှာအကြောင်း သိကောင်းစရာ အသိပညာပေးစာအုပ်