ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ခရီးသွားလုပ်ငန်း အထောက်အကူပြု ခရီးစဉ်ဒေသများ လှည့်လည်ကြည့်ရှု ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ အစားအစာပြပွဲ(၂၀၂၃) တက်ရောက်

 

နေပြည်တော် ဒီဇင်ဘာ ၂၅

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်း စစ်ဌာချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နှင့် ပတ်ဝန်းကျင်ရှိ ခရီးသွားလုပ်ငန်းအထောက်အကူပြု ခရီးစဉ်ဒေသများကို လှည့်လည် ကြည့်ရှုကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့ရှိ သစ်တစ်ပင်တောင် အပန်းဖြေစခန်းသို့ သွားရောက်ပြီး ဒေသ၏အထင်ကရ ခရီးသွား ဆွဲဆောင်မှု နေရာတစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် နောင်တုံ ကန်ပတ်ဝန်းကျင်နှင့် ကျိုင်းတုံဟော်နန်းတည်ဆောက်နေမှုတို့ကို ကြည့်ရှုကြသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမုနိဘုရားကို သွားရောက် ဖူးမြော်ကြည်ညို၍ အလှူငွေများပေးအပ်လှူဒါန်းသည်။

 

ယင်းနောက် သက်တမ်းရင့်လက်ဖက် စိုက်ခင်းများတည်ရှိရာ ဝမ်ဆိုင်းကျေးရွာသို့ သွားရောက်၍ ခရီးသွားလုပ်ငန်း အထောက်အကူပြု ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဖော်ဆောင်နိုင်ရေး လှည့်လည်ကြည့်ရှုကြပြီး ဝမ်ဆိုင်းဒေသထွက် လက်ဖက်ခြောက်ကို ဒေသအမှတ်အသားအဖြစ် ဈေးကွက်အတွင်း ထိုးဖောက်နိုင်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရေး မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကတ်တောင်ကျေးရွာအုပ်စု၊ ဟိုယန်းကျေးရွာရှိ ကျိုင်းတုံရေတံခွန်သို့သွားရောက်၍ သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားရှိမှုနှင့် ရေတံခွန်ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုပြီး သဘာဝပတ်ဝန်းကျင်နှင့် ရေဝေရေလဲဒေသ မထိခိုက်စေရေးမှာကြားကာ ဒေသခံ တိုင်းရင်းသားရိုးရာ အကအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

mdn

 

ထို့ပြင် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကျိုင်တုံမြို့နယ် လွိုင်မွေတောင် စခန်းမြို့၌ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်) တို့ ပူးပေါင်းကျင်းပသော ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ အစားအစာပြပွဲ (၂၀၂၃) ဖွင့်ပွဲသို့ တက်ရောက်ကြသည်။

 

ဦးစွာ ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာ ပြသရောင်းချပွဲတော်ကို ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ ခရီးစဉ်ဒေသတစ်ခု ဖြစ်သော လွိုင်မွေဒေသ၌ ချယ်ရီပန်းပွဲတော်ကို ၂၀၂၂ ခုနှစ်မှ စတင်ကျင်းပခဲ့ကြောင်း၊ ချယ်ရီပန်းပွဲတော်နှင့်အတူ တိုင်းရင်းသား ရိုးရာအစားအစာ ပြသရောင်းချပွဲတော်ကို ပထမဆုံးအကြိမ်စတင် ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုပွဲတော်ကို ဒေသ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝကို မြတ်နိုး၍ ချယ်ရီပန်းများအား ရေရှည်ထိန်းသိမ်းစောင့် ရှောက်နိုင်စေရန်၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ အစားအစာများကို ဖော်ထုတ်မြှင့်တင်ပေးရန်နှင့် ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ် စေခြင်းဖြင့် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်၍ကျင်းပခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ အစားအစာ ပြသရောင်းချပွဲ ကျင်းပရခြင်းရည်ရွယ်ချက်၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဝန်ဆောင်မှုများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး သင်တန်းများ ဖွင့်လှစ် ပေးမှုများ၊ ခရီးသွားဧည့်သည် ဝင်ရောက်မှုနှင့် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်နေမှုများ ကို ရှင်းလင်းပြောကြားသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာ အစားအစာပြပွဲတွင် ပါဝင်ပြသရောင်းချကြသည့် တိုင်းရင်းသား အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကြပြီး တိုင်းရင်းသား အဖွဲ့များကိုယ်စား အာခါတိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။

 

ထို့နောက် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့်ဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး တိုင်းရင်းသား ရိုးရာအစားအစာ ပြသရောင်းချနေသည့် ဆိုင်ခန်းများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗုဒ္ဓဥယျာဉ်သို့သွားရောက်၍ ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုပြီး ကျိုင်းတုံမြို့ရှိ Keng Tung Resort Hotel ၌ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ပြည်တွင်း/ ပြည်ပ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

သတင်းစဉ်