ရန်ကုန်၊ ဒီဇင်ဘာ ၂၅

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်   ယမန်နေ့မွန်းလွဲ  ၂  နာရီက   ရန်ကုန်မြို့   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ Studio-A တွင် ရန်ကုန်အခြေပြု ပြန်ကြားရေးဝန်ကြီး ဌာနရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ ဝန်ထမ်းများအား တွေ့ဆုံသည်။

 

ဦးစွာ တက်ရောက်လာကြသည့်ဝန်ထမ်းများအား “တားဆီးကာကွယ် မီဒီယာအဆိပ်သင့်မှု အန္တရာယ်” ခေါင်းစဉ်ဖြင့် သတင်းတု/သတင်းမှားများ အကြောင်းအရာကိုလည်းကောင်း၊ “နိုင်ငံတော် တည်ဆောက်ရေးနှင့် နိုင်ငံတော်မီဒီယာ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေကိုလည်းကောင်း Video Clip များဖြင့် ရှင်းလင်းပြသသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ/အစိုးရအနေဖြင့် ယခင်အစိုးရအဖွဲ့၏ မဲလိမ်မဲခိုးဖြစ်စဉ်များကြောင့် နိုင်ငံတော် တာဝန်အရပ်ရပ်ကို မလွှဲမရှောင်သာဘဲ ရယူထိန်းသိမ်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် အဂ္ဂမဟာဗျူဟာဖြစ်သော အမျိုးသားရေး မျှော်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကိုလည်းကောင်း၊ နိုင်ငံရေးမျှော်မှန်းချက်နှစ်ရပ်ဖြစ်သော စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကိုလည်းကောင်း မူဝါဒသတ်မှတ်ပြီး မဟာဗျူဟာဖြစ်သော ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နည်းဗျူဟာဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ် တို့ကိုချမှတ်၍ အကောင်အထည်ဖော်/စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်လည်း မူလသတ်မှတ်လုပ်ငန်းတာဝန်များကို နုပျိုသစ်လွင်ပြီး သွက်လက်ထက်မြက်သော ပုံစံဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှု၊ နိုင်ငံတော် အဆင့်အခမ်းအနားများကို ထည်ထည်ဝါဝါနှင့် ခမ်းခမ်းနားနားဖြစ်စေရန် ထဲထဲဝင်ဝင်ပါဝင်ပြီး ကြိုးစားဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ အနေဖြင့်လည်း နိုင်ငံတော်တာဝန်အရပ်ရပ်ကို ကျရာကဏ္ဍမှပါဝင်ပြီး အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Studio-A မျက်နှာစာရှေ့ Lobby တွင် တွေ့ဆုံပွဲနှင့် ခရစ္စမတ် ပျော်ပွဲရွှင်ပွဲသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများနှင့်အတူ ဆက်လက်တက်ရောက်၍ တေးဂီတ ဖျော်ဖြေတင်ဆက်မှု၊ ခရစ္စမတ်လက်ဆောင် ပစ္စည်းများပေးအပ်မှုနှင့် စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံမှုတို့ကို ကြည့်ရှုအားပေးကာ ဝန်ထမ်း များနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့သည်။

 

ထို့ပြင် နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားတွင်လည်း ဒီဇင်ဘာ၂၄ ရက်နှင့် ၂၅ ရက် ညနေနှင့် ညပိုင်းတို့တွင် တိုင်းရင်းသား လူမျိုးများရုပ်သံလိုင်းနှင့် တိုင်းရင်းသားရေဒီယိုတို့၌ တာဝန်ထမ်းဆောင်နေကြသည့် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသား တိုင်းရင်းသူများက ဦးဆောင်၍ ခရစ္စမတ်ဝတ်ပြုကိုးကွယ်ခြင်း၊ ခရစ်ယာန်ဓမ္မတေးများ စုပေါင်းသီဆိုခြင်းများအပါအဝင် တေးဂီတအဖွဲ့ ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြီး လက်ဆောင်ပေးအပ်ခြင်းများနှင့် တိုင်းရင်းသား ရိုးရာစားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာစီစဉ်ကျင်းပရာ ဘာသာ ပေါင်းစုံမှ ဝန်ထမ်းများနှင့် မိသားစုများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်