စိုးသူရ
ယနေ့ကမ္ဘာတွင် ရေကြီးခြင်း၊မိုးခေါင်ခြင်း၊ ငလျင်လှုပ်ခြင်း၊ အပူချိန်မြင့်တက်ခြင်း စသည့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များ အများအပြား ဖြစ်ပွားလျက်ရှိသည်။
ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင်ရွက်ရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့သော ဖန်လုံအိမ်ဓာတ်ငွေ့ တိုးတက်ထုတ်လွှတ်လာမှုကို ရပ်တန့်နိုင်ရန်လိုအပ်ကြောင်း သုတေသီများက သတိပေးပြောကြားလာသည်ကိုလည်း တွေ့ရှိနေရသည်။
ကမ္ဘာ့နိုင်ငံများတွင်လက်ရှိအချိန်၌ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအတွက် လောင်စာဆီ အသုံးပြုသည့် ကားမောင်းနှင်မည့်အစား စက်ဘီးစီးခြင်း၊ လျှပ်စစ်ကားမောင်းနှင်ခြင်းနှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အစားထိုး အသုံးပြုခြင်းတို့ကို တွင်တွင်ကျယ်ကျယ်ဆောင်ရွက် လာကြသည်။
နိုင်ငံအများအပြားတွင် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးကို အထောက်အကူပြုနိုင်သည့် ကာဗွန် ထုတ်လွှတ်မှုဆိုင်ရာ အခွန်ကောက်ခံရေးလုပ်ငန်းကို ဆောင်ရွက်လာကြသည်။ အခွန်ကောက်ခံရေး လုပ်ငန်းအရ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများက ၎င်းတို့ဆောင်ရွက်သည့်စက်မှုလုပ်ငန်းများအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘာဝဘေးအန္တရာယ်များ လျှော့ချရေးလုပ်ငန်း များကို အကူအညီပေးရန် အဆိုပါအခွန်ကို အသုံးပြု မည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး အစီအစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု၏ ဝင်ငွေနည်း အိမ်သုံးစွမ်းအင်အကူအညီအစီအစဉ်သည် အပူလှိုင်းများ ကျရောက်သည့်အချိန်နှင့် ပြင်းထန်သော ဆောင်းရာသီအတွင်း ကုန်ကျနိုင်သည့် ကုန်ကျစရိတ်များကိုကာမိစေရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ နယူးယောက်နှင့် ပါရီကဲ့သို့သော မြို့ကြီးများတွင် ကျန်းမာရေးဌာနများသည် လေအေးပေးစက် သုံးစွဲ ခွင့်မရှိသော ၎င်းတို့၏နိုင်ငံသားများကို ကာကွယ်ရန် အတွက် အများပြည်သူ လေအေးပေးစင်တာများ ကိုလည်း ဖန်တီးတည်ဆောက်ထားသည်။ ဖီလာဒဲလ်ဖီးယားမြို့တွင် ဒေသခံပြည်သူများအား လေအေးပေးစက်၊ ပန်ကာများနှင့် ရေခဲရေများ ဝေငှရန် အပူဒဏ်လျှော့ချရေး အစီအစဉ်များကို ပံ့ပိုးကူညီခဲ့သည်။
အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးနှင့် ကမ္ဘာ့အဋ္ဌမမြောက်အကြီးဆုံး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကင်းစင်ရေး ဆောင်ရွက်ရန်ရည်မှန်းထားသည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် အသုံးပြုသည့် ကျောက်မီးသွေးကို ကမ္ဘာပေါ်တွင် ထိပ်တန်းတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၅၆ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ရုပ်ကြွင်းလောင်စာများကိုသုံးစွဲမှု ဖျက်သိမ်းရန် အစီအစဉ်ရှိသည်။ အင်ဒိုနီးရှားသည် ၂၀၆၀ ပြည့်နှစ်တွင် ၎င်း၏ ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရေး ရည်မှန်းချက်ပြည့်မီရန် လာမည့်ဆယ်စုနှစ်တွင် တစ်နှစ်လျှင် ဒေါ်လာ ၁၅၀ မှ ၂၀၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဖြစ်သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ စုပေါင်းအင်အားဖြင့်သာ ရာသီဥတုပြောင်းလဲမှုဘေးကို ကျော်လွှားနိုင်မည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရာတွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးဖြင့် ကူညီကြရန်လိုအပ်ကြောင်း အသိတရားဖြင့် သတိပေးရေးသားလိုက်ပါ သည်။
ကိုးကား- world 101၊ Climate.gov