နေပြည်တော် ဒီဇင်ဘာ ၂၆

 

ပြည်ပရှိမြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကား ပြောကြားသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် ဦးလွင်ဦး၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ပြည်ပသို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများက တစ်ဦးချင်းစီအနေဖြင့် ၎င်းတို့သွားရောက် တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို မိတ်ဆက်တင်ပြကြသည်။ 

 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ပသို့သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအားလုံးအတွက် ဝမ်းမြောက် ကြောင်း ဂုဏ်ပြုစကား ပြောကြားလိုကြောင်း၊ နိုင်ငံကိုယ်စားပြု သွားရောက်ရခြင်းဖြစ်သဖြင့် နိုင်ငံ့အကျိုး စီးပွားကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပတာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား (National Interest)ကို ကာကွယ်စောင့်ရှောက်ရန် သံတမန်များအနေဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာတွင် သစ္စာရှိရှိ၊ တာဝန်သိသိ ထမ်းဆောင်ရန် အရေးကြီးကြောင်း၊ သံတမန်အရည်အချင်းဖြစ်သော ကိုယ်စားပြုခြင်း (Representation) ကို အကောင်းဆုံးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိနိုင်ငံ၏ ပကတိ အခြေအနေများကို ရောက်ရှိနေသည့် နိုင်ငံအနေဖြင့် သိရှိအောင် ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အထင်အမြင် လွဲမှားမှုများ မရှိအောင် ရှင်းလင်းပြောကြားညှိနှိုင်းဆောင်ရွက်ရမည်မှာ သံတမန်များ၏ တာဝန် ဖြစ်ကြောင်း၊ ထို့အပြင် သံတမန်တစ်ဦး လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လုပ်ငန်းစဉ်များအားလုံး လေ့လာသိရှိထားပြီးဖြစ်သည့်အတွက် စွဲစွဲမြဲမြဲလေးစားလိုက်နာကြရန် လိုအပ်ကြောင်း၊ ကမ္ဘာကြီး၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုနှင့် မိမိနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုကို အမြဲမပြတ်လေ့လာပြီး သင့်တင့်မျှတသည့် တုံ့ပြန်မှုမျိုးရရှိအောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြား လိုကြောင်း၊ ရာထူးကြီးငယ်မခွဲဘဲ မိမိလုပ်ဆောင်နိုင်သည့် စွမ်းရည်ကို အပြည့်အဝဖော်ထုတ်၍ ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ သံတမန်များအနေဖြင့် ရန်သူကို မိတ်ဆွေဖြစ်အောင်၊ မိတ်ဆွေကို ပို၍ချစ်ခင် ရင်းနှီးအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းခြင်း (Negotiation)တွင် နိုင်ငံတကာ ဆက်ဆံရေး အတွေ့အကြုံကောင်းများကို ကိုးကားပြီး နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးတိုးတက်မြင့်မားအောင် လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း၊  ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန် မှာကြား လိုကြောင်းနှင့် နိုင်ငံ့တာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

(သတင်းစဉ်)