နေပြည်တော် ဒီဇင်ဘာ ၂၆

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစုကျေးရွာအုပ်စု၊ ရုံးတောကျေးရွာရှိ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းလီမိတက်၏ အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က စမ်းသပ် စိုက်ပျိုးခဲ့ သော ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Norma ၊ Bravo ၊ Excellent မျိုး (၆) ဧက၊ မြန်မာနိုင်ငံမှ ရေဆင်း-၂ နေကြာမျိုး (၉) ဧက စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသူအသင်းသားများနှင့်တွေ့ဆုံကာ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေး မြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများ စိုက်ပျိုးထားသော နေကြာစိုက်ခင်းများနှင့် နွေရာသီအောင် ရေရရှိရေး ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် အိမ်ခြေ (၃၄၂) အိမ်၊ လူဦးရေ (၁၃၄၆) ဦး၊ စိုက်ပျိုးမြေ (၆၀၂) ဧကအား အကျိုးဖြစ်စေမည့် ရုံးတောကျေးရွာ ကျေးရွာတွင်းလမ်း ပေ (၁၃,၀၀၀) ရိစာခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ စိုက်ဧကအထွက်တိုးရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

(သတင်းစဉ်)