နေပြည်တော် ဒီဇင်ဘာ ၂၆

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှ တဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တိုက်ဖျက်ရေးဌာနခွဲ၏ နှစ်ပတ်လည် လုပ်ငန်းဆန်း စစ်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်တွင် နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ယနေ့ အစည်းအဝေးသည် ၂၀၂၃ ခုနှစ်အတွင်း ဗဟို/ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များ အလိုက် ဆောင်ရွက်ခဲ့ကြသည့် ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများဖြစ်သည့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ချီခန်ဂန်းညား အစရှိသည့်ရောဂါများ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများအခြေအနေ၊ တွေ့ကြုံခဲ့ရတဲ့ အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးရန်ဖြစ်ကြောင်း၊ ငှက်ဖျားရောဂါ တိုက်ဖျက် ရေးစီမံချက်အနေဖြင့် (၂၀၂၆) ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်း Plasmodium falciparum ပိုးတွေ့သူ လုံးဝမရှိစေရေးနှင့် (၂၀၃၀)ခုနှစ်တွင် ငှက်ဖျားရောဂါ ကူးစက်မှုပပျောက်စေရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်း၊ ငှက်ဖျားရောဂါ ကင်းဝေးရေးလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်မှုဒေသဆိုင်ရာအစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။      

                                                                                                                   

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဗဟို/တိုင်းဒေသကြီး/ ပြည်နယ်ရပကနများမှ တာဝန်ရှိသူများ  ငှက်ဖျားပညာ ရှင်များ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(မြန်မာ)၊ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိ သူများ တက်ရောက်ကြပြီး အဆိုပါလုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို နေပြည်တော်၌ (၄)ရက်တာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)