မြစ်ကြီးနား ဒီဇင်ဘာ ၂၇
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုများကြောင့် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးတိုက်နယ်နှင့် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ယာယီတိမ်းရှောင်လာသော ဒေသခံပြည်သူများနှင့် ပညာရေးဝန်ထမ်းများအား ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အဦများ၊ ဆွေမျိုးနေအိမ်များသို့ ယာယီတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ဝိုင်းမော်မြို့ အမှတ်(၄)ရပ်ကွက် လီဆူနှစ်ခြင်းခရစ်ယာန် အသင်းတော်ဘုရားကျောင်း၌ သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က တိမ်းရှောင်လာကြသော ပြည်သူများအနေအား လတ်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ထောက်ပံ့ပေးအပ်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် မိမိတို့ရပ်/ရွာများတွင် အမြန်ဆုံး ပြန်လည်နေထိုင်ရေးနှင့် ကျောင်းသားကလေးများအတွက် ပညာရေးနောက်ကျမှု မရှိစေရေးကိုလည်း ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်အတွင်း ယာယီတိမ်းရှောင်လာသော အိမ်ထောင်စု (၇၈၇)စု၊ လူဦးရေ (၃၄၂၈)ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့က စုစုပေါင်းငွေကျပ် (၂၉၃၃၉၅၀၀)တန်ဖိုးရှိ ဆန်အိတ် (၁၉၇)အိတ်နှင့် ခေါက်ဆွဲခြောက်ဖာ (၇၈၇)ဖာတို့ကိုလည်းကောင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးအဖြစ် ငွေကျပ် (၃၀၈၅၂၀၀၀)နှင့် ကာပေါ်လိတ်ဆပ်ပြာထောင့်များကို လည်းကောင်း၊ ပြည်နယ်ပညာရေးမှူးရုံးမှ ကျောင်းသားများအတွက် ဗလာစာအုပ် ဒါဇင် ၅၀ ကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဒေသခံပြည်သူများတစ်ဦးက ကျေးဇူးတင်စကားနှင့် လတ်တလော လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နယ်မြေအခြေအနေအရ မြစ်ကြီးနားမြို့သို့ ယာယီတိမ်းရှောင်လာသော ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အေးမြသီတာခန်းမ၌ သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက မြစ်ကြီးနားမြို့နယ် တာလောကြီးတိုက်နယ်မှ ဆရာ၊ ဆရာမ (၁၁၇)ဦး၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာအုပ်စုတို့မှ ဆရာ၊ ဆရာမ (၃၂)ဦးတို့နှင့် ပညာရေးဝန်ထမ်းမိသားစုများအတွက် ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် ၁၁၇၀၀၀၀ တန်ဖိုးရှိ ဆန်ရိက္ခာနှင့် ခေါက်ဆွဲခြောက်ဖာများကို လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ်သိန်း (၆၀)ကိုလည်းကောင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက (၁)လစာ ဆန်ရိက္ခာဖိုးငွေအဖြစ် ငွေကျပ် ၇၁၁၀၀၀ နှင့် ကာဘော်လစ်ဆပ်ပြာ ထောင့်များကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသရှိ မီးဘေးသင့် အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူများအတွက် အလှူရှင် ဦးလောဆန်းနှင့် ဒေါ်ရွယ်ဂျီး မိသားစုတို့က အနွေးထည် (၁၆၀)ကို ပြည်နယ်ပညာရေးမှူးထံ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်မိသားစုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ပြီး တာလောကြီး ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


