နေပြည်တော် ဒီဇင်ဘာ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် သီးထပ်စွမ်းရည် တိုးတက်လာစေရေးကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မဲဒီကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မဲဒီကျေးရွာမှ တောင်သူများက မိုးစပါးအပြီး မြေတွင်းအစိုဓာတ် မပျောက်ဆုံးခင် ဆောင်းသီးနှံ အချိန်မီစိုက်ပျိုးရေးအတွက် ထယ်ရေးမဲ့စိုက်ပျိုးနည်းစနစ်ကို စမ်းသပ်သုတေသနပြု သရုပ်ပြစိုက်ပျိုးမှုကို လေ့လာခဲ့ကြသည်။
အဆိုပါ သုတေသနသရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ယခုကဲ့သို့ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးသူတောင်သူလယ်သမားများ ပူးပေါင်းပါဝင်သော သုတေသနလုပ်ငန်းများကို တောင်သူ့စိုက်ခင်းများတွင် လက်တွေ့ဆောင်ရွက်ခြင်းသည် အလွန်ကောင်းမွန်သော အလေ့အကျင့်ဖြစ်ပါကြောင်း၊ ယခုအခါ မိုးစပါးရိတ်သိမ်းအပြီး အစိုဓါတ်မပျောက်ဆုံးခင် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ယခင်က အနည်းဆုံး ထယ်ရေး၊ ထွန်ရေးဖြင့် စိုက်ပျိုးရန်အတွက် စပါးရိုးပြတ်များကို မီးရှို့လေ့ရှိကြကြောင်း၊ ဤအလေ့အကျင့်သည် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို များပြားစေ၍ ရာသီဥတုပူနွေးမှုကို ဖြစ်ပေါ်စေပါကြောင်း၊ ဤသို့ ရိုးပြတ်များကို မီးမရှို့ဘဲ စပါးရိုးပြတ်များအကြား တိုက်ရိုက်စိုက်ပျိုးရာတွင် အလေ့အကျင့်တစ်ခုဖြစ်သော မျိုးစေ့နှုန်းထားများများကြဲပက်၍ ရိုးပြတ်များကို ခုတ်ဖုံးစိုက်ပျိုးခြင်းသည် အပင်ပေါက်မသေချာသည့်အပြင် မျိုးစေ့နှင့် မြေသားထိစပ်မှုနည်း၍ အပင်ပေါက် မညီညာကာ စိုက်ခင်းဖြစ်တည်မှုကို ညံ့ဖျင်းစေပါကြောင်း၊ မျိုးစေ့များလည်း အလေအလွင့်ရှိပါကြောင်း၊ ထိုသို့မဖြစ်စေရန်အတွက် စပါးရိတ်သိမ်းအပြီး ရိုးပြတ်များကို စက်အားဖြင့် ဖြတ်တောက်ခါ ထယ်ရေးမဲ့ အခြေအနေတွင် စိုက်ပျိုးမှုကို စက်အားဖြင့် တွင်ကျယ်စွာ လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မိုးစပါးအပြီး ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် ရိုးပြတ် အကြွင်းအကျန်များကို စီမံခန့်ခွဲရာတွင် သီးနှံမျိုးစေ့များ ထယ်ရေးမဲ့ အခြေအနေတွင် မျိုးစေ့ချကိရိယာနှင့် စိုက်ပျိုးပြီး ရိုးပြတ်များကို ခုတ်ဖုံးစိုက်ပျိုးခြင်းအပြင် ကောက်ရိုးများမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မည်ဆိုပါက စက်အားဖြင့် ဘေထုပ်များထုပ်ကာ လိုအပ်သလို အသုံးပြုရန် ဖြစ်ပါကြောင်း၊ ကောက်ရိုးမှ မြေဆွေးနှင့် တီကောင်မွေးကာ မြေဆွေးပြုလုပ်ခြင်း၊ ဇီဝမီးသွေးပြုလုပ်ကာမြေတွင် ပြန်လည်ထည့်သွင်းခြင်း၊ စက္ကူနှင့် ပျော့ဖတ်များပြုလုပ်ခြင်း၊ လောင်စာတောင့်ထုတ်လုပ်ခြင်း၊ မှိုစိုက်ပျိုးခြင်းအပြင် တိရစ္ဆာန်အတွက် အားဖြည့်အစာတောင့်များ ထုတ်လုပ်ခြင်း စသဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းကို နိုင်ငံတကာကျင့်သုံးနေကြသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ယခုကဲ့သို့ သက်ဆိုင်ရာဌာနများနှင့် တောင်သူများ ပူးပေါင်းပါဝင်ကာ တောင်သူ စိုက်ကွက်များတွင် လက်လှမ်းမီသုတေသနများကို အလေ့အကျင့်ကောင်း တစ်ခုအနေနှင့် ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ထယ်ရေးမဲစိုက်ပျိုးရန် ကောက်ရိုးစင်းစက်ဖြင့် ဖြတ်တောက်ခြင်းနှင့် ပဲလွမ်းသီးနှံကို စမ်းသပ်စိုက်ပျိုးကာ တောင်သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


