နေပြည်တော် ဒီဇင်ဘာ ၂၇

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူတော်မူသော ဆရာတော်(၈)ပါးနှင့် သီလရှင်ဆရာကြီး(၁)ပါးတို့ကို သွားရောက်အားပေး ကြည်ညိုခဲ့ကြသည်။

 

ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့သည် နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှု (Medical Checkup) ခံယူတော်မူသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင ်ဆရာတော်ကြီး ၂ ပါး၊ နေပြည်တော် တိုင်းသံဃနာယကဆရာတော်ကြီး ၁ ပါး၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ၂ ပါး၊ နေပြည်တော်တိုင်း ဘုန်းတော်ကြီးပညာသင်ကြားမှုကြီးကြပ်ရေး ဆရာတော် ၁ ပါး၊ စုစုပေါင်း ဆရာတော်ကြီး ၆ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့အား သွားရောက်ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးများ၏ ကျန်းမာရေး စစ်ဆေးပေးမှုအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးရန် မှာကြားသည်။

 

ဆေးစစ်ရန် ဆရာတော်ကြီးများအနက် ဆရာတော်ကြီး ၂ ပါးသည် ဆေးရုံသို့ လာရောက်နိုင်ခြင်းမရှိသဖြင့် အဆိုပါဆရာတော်ကြီးများအား မိမိတို့ကျောင်းတိုက်၌ သီးခြားရက်ချိန်းဖြင့် ကျန်းမာရေးစစ်ဆေးမှု (Medical Checkup) ပြုလုပ်ပေးသွားမည်ဖြစ်သည်။

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သံဃာ့အဖွဲ့အစည်းဝင် ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အခမဲ့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်