နေပြည်တော်၊ ဒီဇင်ဘာ ၂၇
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ ယမန်နေ့ ညနေ ၄ နာရီက မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စာရင်းကောက်အဖွဲ့ပေါင်း (၂၈၀၅)ဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် ကောက်ယူမှု (၃ ဒသမ ၂ ) သိန်းကျော်၊ အလွတ်ပုံစံဖြင့် ကောက်ယူမှု (၅)သောင်းကျော်၊ စုစုပေါင်း(၃ ဒသမ ၇)သိန်းကျော် ကောက်ယူပြီးစီးခဲ့ပါကြောင်း၊ မကောက်ယူနိုင်သည့် အိမ်ထောင်စု (၁၀)သိန်းကျော် ကျန်နေသည်ကို တွေ့ရှိရပါကြောင်း၊ အချို့ဒေသများတွင် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် တတ်နိုင်သမျှပြီးစီးအောင် ကောက်ယူဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
မိမိတို့ဌာနမှ တာဝန်ယူ၍ နိုင်ငံအတွင်းနေထိုင်သူအားလုံးကို ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ e-ID Database အတွင်း သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်သတ်မှတ် ထုတ်ပေးလျက်ရှိရာ ယင်းလုပ်ငန်းစဉ်ကိုလည်း ပန်းခင်းစီမံချက်နှင့်အတူ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားကတ်ရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြားအသစ် လျှောက်ထားသူများပါ e-ID စနစ်ဖြင့် တစ်ပါတည်း Biographic/ Biometric ကောက်ယူခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ကောက်ယူမည်ဖြစ်ရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စမ်းသပ်သန်းခေါင်စာရင်းကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကောက်ကွက်များ ရွေးချယ်သတ်မှတ်ကောက်ယူခဲ့ပြီး ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် မုံရွာမြို့နယ်အတွင်း ကောက်ကွက် (၁၀) ကွက် ရွေးချယ်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယင်းစမ်းသပ် ကောက်ယူမှုအတွေ့အကြုံများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်၍ ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကိုလည်း တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာစသည့် ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းကာ အောင်မြင်စွာ ကောက်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပန်းခင်းစီမံချက်အဆင့် (၁/၂) ဆောင်ရွက်ပြီးစီးမှုနှင့် ပန်းခင်းစီမံချက် အဆင့်(၃)အတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ကော်မတီများအလိုက် လုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက နယ်မြေဒေသအလိုက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် စီစဉ်ထားရှိမှု၊ မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါခန်းမ၌ပင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


