နေပြည်တော် ဒီဇင်ဘာ ၂၇

 

နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီကကြီးမှူး၍ နေပြည်တော် အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနနှင့် နေပြည်တော် လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့် ရေးစခန်း(၂)၌ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် နေပြည်တော်ဌာန ဆိုင်ရာများ၊ နေပြည်တော် ကောင်စီလူငယ်ရေးရာ ကော်မတီဝင်များ၊ လယ်ဝေးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းပို့ချမည့် ဆရာ/ ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ အသက်(၁၅)နှစ်မှ (၃၅)နှစ်အောက်လူငယ်များကို နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာရပ်များကို သင်ကြားပေးမည့် သင်တန်းဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြသည့် လူငယ်များအနေဖြင့် သင်တန်းမှ သင်ကြားပေးသည့် အတတ်ပညာများကို အမှန်တကယ်တတ်မြောက်ပြီး ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်စီးပွားရေးတို့ဖြင့် အရည်သွေးပြည့်မီသည့် ကုန်ပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ် ရောင်းချဖြန့်ဖြူးနိုင်သည့် အဆင့်ထိရောက်ရှိအောင် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သင်တန်းသား/ သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားပြီး သင်တန်းတွင် သင်ကြားမည့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။

 

အဆိုပါသင်တန်းသို့ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ သင်တန်းသား/ သင်တန်းသူ ၃၂ ဦး တက်ရောက်ကြပြီး သင်တန်းကို ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား လယ်ဝေးမြို့နယ် (ခုတင်-၁၀၀) ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များက ကျန်းမာရေး အခမဲ့စောင့်ရှောက်ပေးနေမှုနှင့် အငြိမ်းစား ပင်စင်လစာ ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီမှ ထောက်ပံ့သည့်ဆန်နှင့် ကြက်ဥများကို အငြိမ်းစားဝန်ထမ်းတစ်ဦးချင်းစီ ထောက်ပံ့ပေးအပ်ကာ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများသတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်