နေပြည်တော် ဒီဇင်ဘာ ၂၇

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အဆိုးရွား ဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီဝင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက In person တက်ရောက်၍  တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူးများက Online ဖြင့် တက်ရောက်ခဲ့ကြသည်၊၊

ရှေးဦးစွာ ဒုတိယဝန်ကြီးက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို (၃)လပတ်အလိုက် ကျင်းပဆောင်ရွက်လျက်ရှိပြီး အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် နှစ်ဝက်အစီရင်ခံစာများ၊ လစဉ်အစီရင်ခံစာများ ပုံမှန်ပေးပို့တင်ပြလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေး ပထမ ငါးနှစ်စီမံချက် (၂၀၁၉-၂၀၂၃)ခုနှစ်၏ အစီရင်ခံစာကိုလည်း တင်သွင်းပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ၏ ကလေးလုပ်သားစစ်တမ်း (၂၀၂၂-၂၀၂၃) အစီရင်ခံ စာအရ ကလေးလုပ်သားများ၏ လိုအပ်ချက်အပေါ်မူတည်၍ ထောက်ပံ့မှုများနှင့် သက်ဆိုင်ရာသို့ လွှဲပြောင်း ညွှန်းပို့ခြင်းများကို လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပထမငါးနှစ်စီမံချက်၏ သုံးသပ်ချက်အစီရင်ခံစာများအပေါ် မူတည်၍  ကော်မတီဝင်များအနေဖြင့် ဒုတိယငါးနှစ်စီမံချက်(၂၀၂၄-၂၀၂၈)အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြ၍ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပထမငါးနှစ် ကာလအတွေ့အကြုံများအပေါ်မူတည်၍  ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များတွင် ကလေး လုပ်သားများအတွက် အကောင်းဆုံးအကျိုးစီးပွားရရှိစေရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများရှိပါက လုပ်ငန်းစဉ်များနှင့်အညီ အတတ်နိုင်ဆုံး ကူညီပံ့ပိုးနိုင်ရေးအတွက် အစီအစဉ်များ ကြိုတင်စီစဉ် ထားရမည်ဖြစ်ပါကြောင်း၊ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်