နေပြည်တော် ဒီဇင်ဘာ  ၂၇  
    
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် မှ ၂၆ ရက်ထိ လာအိုနိုင်ငံ၊ ဗီယင်ကျင်း မြို့တွင် ကျင်းပသည့် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ပြီး လာအိုနိုင်ငံ၊ လွန်ပရာဘန်ပြည်နယ်ရှိ မဲခေါင်ရေအားလျှပ်စစ်စီမံကိန်းသို့ သွားရောက်လေ့လာခဲ့ကြသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် ဒေသစံတော်ချိန်မွန်းလွဲ၃  နာရီတွင် ဗီယင်ကျင်းမြို့၌ ကျင်းပသည့် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေးကို တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၄,၅၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစေရန် နိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှုများသာမက နယ်စပ်ဖြတ်ကျော်ဓာတ်အား ဝယ်ယူမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် မိမိတို့ဝန်ကြီးဌာန၏ အဓိကအရေးကြီးသော ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ တို့နှင့်လည်း နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းများ တည်ဆောက်၍ လျှပ်စစ် ဓာတ်အားဝယ်ယူ ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် စီမံကိန်းအား လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးကို အထူးအလေးထား ပါကြောင်း၊ မြန်မာ-လာအို နှစ်နိုင်ငံအကြား ပူးတွဲလုပ်ငန်းကော်မတီ (Joint Working Committee -JWC)နှင့် ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group-JWG) များ ဖွဲ့စည်း၍ ပူးပေါင်း ဆောင်ရွက်လာခဲ့ကြသည့် (၅) နှစ်ကျော်သက်တမ်းကာလအတွင်း သိသာထင်ရှားသော လုပ်ငန်းတိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရပါကြောင်း။ 

ယခင်လေ့လာမှုများအရ မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် ရေအားလျှပ်စစ် စီမံကိန်း ၃ ခုမှ ၄ ခုအထိ ဆောင်ရွက်နိုင်ပြီး၊ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၈၀၀ မဂ္ဂါဝပ်မှ ၃၂၀၀ မဂ္ဂါဝပ်ခန့်အထိ ရရှိနိုင်သည့် အလားအလာရှိသည်ကို သိရှိရပါကြောင်း၊ မဲခေါင်မြစ်စီမံကိန်းတစ်ခုလျှင် ၅၀၀ မဂ္ဂါဝပ်နှင့်အထက် တည်ဆောက်အကောင်အထည်ဖော် နိုင်မည်ဖြစ်သဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို မြန်ဆန်စွာပြီးမြောက်နိုင်ရေး ဆောင်ရွက် သင့်ပါကြောင်း၊ နိုင်ငံများအကြား ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကိုလည်း အားပေးမြှင့်တင် နိုင်မည်ဖြစ်ပါကြောင်း။

မြန်မာ-လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို ကာလတို အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လိုပါကြောင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ၏ FSR ပြီးစီးမှုနှင့် FSR အပေါ် စိစစ်သုံးသပ်ချက်များအရ နည်းပညာနှင့် စီးပွားရေး တွက်ချေကိုက်မှုရှိသည့်အပေါ်မူတည်၍ စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးကို နှစ်နိုင်ငံ အစိုးရများထံ တင်ပြလမ်းညွှန်မှု ခံယူနိုင်မည်ဖြစ်၍ သက်ဆိုင်ရာ ကုမ္ပဏီများက FSR မြန်ဆန်စွာ ပြီးစီးအောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ လာအိုနိုင်ငံအစိုးရ၏ ခိုင်မာသောထောက်ခံအားပေးမှုများကို အပြည့်အဝ အသိအ မှတ်ပြုပါကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းနှင့် မဲခေါင်မြစ်ဝှမ်း တွင် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးတွဲ လေ့လာ မှုလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်သည်များအား ကူညီပံ့ပိုးပေးသွားမည်ဖြစ် ပါကြောင်း ပြောကြားသည်။

ထို့နောက် လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္ထုတွင်းဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဖိုစေးစရာစုံက ဆွေးနွေးပြောကြားရာတွင် မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းနှင့် မဲခေါင်မြစ်ဝှမ်းတွင် ရေအားလျှပ်စစ်စီကိန်းများ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု တို့ကို တွန်းအားပေးဆောင်ရွက်လိုပါကြောင်း၊ ပူးတွဲလုပ်ငန်းအဖွဲ့နှင့် ပူးတွဲလုပ်ငန်းကော်မတီ များ၏ အစည်းအဝေးများတွင် ဆွေးနွေးမှုရလာဒ်များအရ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၃) ရပ်ဖြစ်သည့် နှစ်နိုင်ငံအကြား Power Supply Framework Agreement လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်ရန်၊ မြန်မာ-လာအို နှစ်နိုင်ငံ ဓာတ်အားစနစ်ချိတ်ဆက်ရေး နည်းပညာဆိုင်ရာလိုအပ်ချက်များနှင့် ရယူမည့် ဓာတ်အားပမာဏများကို လေ့လာသုံးသပ်မည့် အကြံပေးပညာရှင်အဖွဲ့နှင့် ဆောင်ရွက်ရန်နှင့် မဲခေါင်မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို လာအိုကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် နိုင်ရန်တို့အပေါ် နှစ်နိုင်ငံဝန်ကြီးဌာနများမှ လိုအပ်သော အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၆ ရက်တွင် မဲခေါင်မြစ်ပေါ်တွင် ၁၄၆၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် Navigation Lock ပါ ထည့်သွင်းတည်ဆောက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများ က စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပြီး  ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ မေးမြန်းကာ အသေးစိတ် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် တည်ဆောက်နေမှုအခြေအနေများ အား ကြည့်ရှုလေ့လာခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် လာအိုနိုင်ငံ ဗီယင်ကျင်းမြို့မှလေကြောင်းခရီး ပြန်လည်ထွက်ခွာခဲ့ရာ ညနေပိုင်း တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်