နေပြည်တော် ဒီဇင်ဘာ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး (မြင့်စိုး - နတလ) က ပြန်ကြားရေးဝန်ကြီးဌာနရှိ ခရိုင်၊ မြို့နယ် စာကြည့်တိုက်များအတွက် ၎င်းကိုယ်တိုင် ရေးသား ပြုစုခဲ့သည့် စာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက မိုခါမုန်တိုင်းနှင့် ပတ်သက်၍ ဆောင်းပါးများ ရေးသားဖြစ်ခဲ့ပုံနှင့် ရေးသားစဉ်ဖြစ်ပေါ်သည့် ခံစားချက်များ၊ အချက်အလက်များ စုဆောင်းခဲ့မှု၊ ဆောင်းပါးများ စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေချိန်တွင်လည်း အခမဲ့ဖြန့်ဝေပေးနေမှုနှင့် စာအုပ်လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
စာအုပ် ၁၀၀ ပေးအပ်လှူဒါန်း
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်ထံသို့ ဒုတိယဝန်ကြီး ဦးမြင့်စိုးက “ “မိုခါ” မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ” စာအုပ် ၁၀၀ ကို ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဦးရဲတင့်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက စာအုပ်များပေးအပ်လှူဒါန်းသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ စာအုပ်များကို မြို့နယ်၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာကြည့်တိုက်များတွင် ထားရှိဖတ်ရှုစေမည်ဖြစ်ကြောင်း၊ ဦးမြင့်စိုးအနေဖြင့် မိုခါမုန်တိုင်းကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များသို့ ကိုယ်တိုင်ရောက်ရှိပြီး ဌာနအသီးသီးမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံများ၊ ပြည်သူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အသေးစိတ် အချက်အလက်များ စုဆောင်းပြီး ရေးသားပေးခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ဌာနအသီးသီး၏ ဆောင်ရွက်ခဲ့မှုများလည်း မှတ်တမ်းတင်ပြီးသားဖြစ်သွားသည့်အတွက် အလွန်တန်ဖိုးရှိသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်ဟု ပြောကြားလိုပါကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်