ဖနောင်ပင် ဒီဇင်ဘာ ၂၇
ကမ္ဘောဒီးယားနိုင်ငံသို့ ယခုနှစ် ပထမ ၁၁ လအတွင်း တရုတ်ခရီးသွား ၄၉၈၂၅၀ လာရောက် လည်ပတ်ခဲ့ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာခရီးသည် အရေအတွက် ၄ ဒသမ ၉၁ သန်းရှိပြီး ယင်းတို့ အနက် တရုတ်နိုင်ငံသားခရီးသည် ၁၀ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
တရုတ်နိုင်ငံသည် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပြီးနောက် တတိယမြောက် နိုင်ငံခြားခရီးသွားများ အများဆုံးလာရောက်သည့် နိုင်ငံဖြစ်ပြီး အဆိုပါကာလအတွင်း ထိုင်းလူမျိုး ၁ ဒသမ ၆၅ သန်းနှင့် ဗီယက်နမ်နိုင်ငံသားခရီးသည် ၉၂၀၀၉၃ ဦးတို့သည် ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးသွားလာခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့် ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်ရေးအပြင် ဆင်းရဲမွဲတေမှု လျှော့ချရေးလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီမှုများကြောင့် တရုတ် ခရီးသွားများကို ပိုမိုလာရောက် စေချင်ကြောင်း ခရီးသွားလာရေးဝန်ကြီး တော့ပ်ဆိုဟိခ်က ပြောကြားသည်။ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ကမ္ဘောဒီးယား နိုင်ငံ၏ ဆီရမ်ရိအန်ကောနိုင်ငံတကာလေဆိပ်သည် နိုင်ငံတကာခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ခရီးသွားလုပ်ငန်းသည် အထည်ချုပ်၊ ဖိနပ်နှင့် ကုန်ပစ္စည်းတင်ပို့မှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများအပြင် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးပေးသည့် မဏ္ဍိုင်လေးရပ် အနက်မှ တစ်ခုဖြစ်သည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အောင်ကျော်ကျော်