ဒီဇင်ဘာ ၂၈

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း South Kivu ပြည်နယ်၊ မြို့တော် Bukavu တွင် ဒီဇင်ဘာ ၂၆ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၄၀ ထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့တော် Bukavu တွင် လူ ၂၀ ထက်မနည်းသေဆုံးခဲ့ပြီး  အနီးဝန်းကျင်ရှိ Burhinyi ကျေးရွာတွင် သေဆုံးသူဦးရေ ၂၀ ကိုထပ်မံတွေ့ရှိခဲ့ကြောင်း ထိုပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ပြောကြားသည်။

ထိုရေဘေးသင့်ဒေသများတွင် ထိခိုက်ဒဏ်ရာရသေဆုံးသူများကိုရှာဖွေကယ်ဆယ်ရန် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားသည်ဟု ပြည်နယ်အာဏာပိုင်များက ဆိုသည်။

လွန်ခဲ့သောသီတင်းပတ်က South Kivu ပြည်နယ်ရှိ ကာလင်းဂျီကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၂၀ ထက်မနည်းသေဆုံးခဲ့သည်ဟု သိရသည်။

ယခုနှစ်မေလက South Kivu ပြည်နယ် ကာလီဟီဒေသတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ၄၃၈ ဦး သေဆုံးခဲ့ပြီး လူ ၅၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းအာဏာပိုင်များက ခန့်မှန့်ပြောကြားသည်။

ကွန်ဂိုနိုင်ငံတွင် မိုးရွာသီကာလအတွင်း ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများ ဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို