နေပြည်တော် ဒီဇင်ဘာ ၂၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး အဆိုပါ ကျောင်းခန်းမ၌ မုံရွာမြို့ရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းများနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းတို့မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားကတ်ပြား ဆောင်ရွက်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်း( One Stop Service) ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင် ရွက်ပေးရန်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်နှင့် လူတစ်ဦး ချင်းစီ၏ ကိုယ်ရေး အချက်အလက်များ ဖြစ်သည့်အတွက် တိကျမှန်ကန်စွာ ဖြည့်တင်းဆောင် ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများကို လုပ်ငန်းဆိုင်ရာ အခက်အခဲများ မေးမြန်း ဆွေးနွေးနှုတ်ဆက်အားပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအနက် နိုင်ငံသားကတ်ပြား မရှိသေးသူများ၊ ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားသူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးနောက် e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) များ ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေးပြီး နိုင်ငံသားကတ် ရှိပြီးသူများကို ကိုယ်ရေးအချက် အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) များ ကောက်ယူ၍ e-ID စနစ် အတွက် ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းကို တစ်နေရာတည်းတွင် တစ်ပါတည်း ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားကတ်မရှိသူ (၂၁၅)ဦးကို နိုင်ငံသားကတ် ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ (၆၃)ဦးနှင့်အတူ စုစုပေါင်း (၂၇၈)ဦးကို e-ID စနစ် ဆောင်ရွက်ပေးပြီး Unique ID နံပါတ်များ ထုတ်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မုံရွာမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ရုံးအဆောက်အဦများ၊ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့် စာရင်းအချက်အလက်များကို ရုံးချုပ်ရှိ e-ID Sever မှ အချက် အလက်များ နှင့် တိုက်ဆိုင်စိစစ် ပြင်ဆင်ဖြည့်စွက် အတည်ပြုဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းများ စနစ်တကျ မှန်ကန်မြန်ဆန်စွာ တိုက်ဆိုင်စိစစ် ဖြည့်သွင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


