နေပြည်တော် ဒီဇင်ဘာ ၂၈

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လက်ပံလှ-စဉ့်ကူးယာယီ စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်း မရှိသည့် စက်သုံးဆီ ဓါတ်ဆီ 92 ဂါလန် (၁၉၂၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃,၇၅၆,၇၇၇)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Fuso Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅,000,000)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၇၅၆,၇၇၇)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင် ခရိုင်၊ ကြံခင်းမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၁၉၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၈၉,၆၀၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာ ၂၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ်၊ ဘားအံစက်မှုဇုန်အနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Lipovitan–D အချိုရည် (၁၀၀၀၀)ပုလင်း၊ ပုစွန်တစ်ကောင်စားအုန်းဆီ (၁၈)လီတာပါ ပုံး (၁၀၀) ၊ Wai Wai ကြာဇံ ထုပ် (၃၉၀၀) ၊ 108 Detergent ဆပ်ပြာမှုန့်ထုပ် (၃၂၀) ၊ ဘောင်းဘီရှည် အထည် (၂၈၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၆၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,000,000)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၆၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၆)ရပ်ကွက်၌ တရားမဝင် စက်သုံးဆီ ဓါတ်ဆီ ဂါလန် (၁၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ တရားမဝင် ရေနံစိမ်း(၁၁)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀)ကို ပြည်သူပိုင် ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရလည်းကောင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ လိုင်စင်မဲ့ Honda CBR မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၅၅,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၈၅၄)တန်နှင့် အခြားသစ် (၁ ဒသမ ၇၂၄)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၅,၃၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅,၅၂၁,၇၂၁)ဖြစ်ကြောင်း         တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်