နေပြည်တော် ဒီဇင်ဘာ ၂၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရှိ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်း တက္ကသိုလ်) ဓာတ်အားခွဲရုံနှင့် ပဲခူးတိုင်းဒေသ ကြီး ဘုရားကြီးမြို့နယ်ရှိ ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်ရှိ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ် အားလိုင်း၊ ဓာတ်အားခွဲရုံစီမံကိန်းနှင့် ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်း ဆောင်ရွက်သည့် နေရာများသည် မြန်မာပြည်အောက်ပိုင်းဒေသ ဖြစ်သည့်အလျောက် မိုးရာသီကာလတွင် မိုးများသဖြင့် လုပ်ငန်းများဆောင်ရွက်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများကို သိရှိပြီးဖြစ်ကြောင်း၊ ယခု ကာလသည် ပွင့်လင်းရာသီဖြစ်ပြီး စပါးသီးနှံများ ရိတ်သိမ်းပြီးချိန် ဖြစ်သည့်အတွက် မြေသား လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကြိုးဆွဲခြင်း လုပ်ငန်းများအတွက် လိုအပ်သော အထောက် အကူပစ္စည်းများ ကြိုတင်ပေးပို့ခြင်း၊ စီမံကိန်းတွင် အသုံးပြုမည့် အထောက်အကူ ပစ္စည်းများ ကြိုတင်သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဆောင်ရွက်လျက်ရှိသည့် မြို့ပြလုပ်ငန်းများကိုလည်း ဝန်ထမ်းအင်အား၊ စက်ယန္တရား အင်အား၊ လုပ်ငန်းဆောင်ရွက်ချိန်များကို ပိုမိုတိုးချဲ့စုဖွဲ့၍ ဟန်ချက်ညီ ပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဆောင်ရွက်ရန် ကျန်လုပ်ငန်းများအလိုက် ပြီးစီးရမည့် အချိန်ဇယားများ ရေးဆွဲထား၍ ၎င်း အချိန်ဇယားများအတိုင်း သတ်မှတ် ချိန်ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများကို ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်ကာ စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်နေမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဘုရား ကြီးမြို့နယ်ရှိ ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင် သို့ ရောက်ရှိကာ စီမံကိန်းလုပ်ငန်းခွင်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ မှု ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်းများသည် ယခုအခါ စီမံကိန်းလုပ်ငန်းများ၏ ၆၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ၂၀၂၄ ခုနှစ်အတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်