နေပြည်တော် ဒီဇင်ဘာ ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နှင့် ဒုတိယ ဝန်ကြီးဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ၊ သာယာအေးကျေးရွာနှင့် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာတို့တွင် သမဝါယမလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည့် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ၊ ကျေးရွာဘက်စုံသုံးခန်းမ၌ သမဝါယမအသင်းသား တောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဝန်ကြီးဌာနမှ စိုက်ပျိုးရေရရှိရေး နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ပေးပြီးဖြစ်၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး ရေသုံးစွဲသူများအစုအဖွဲ့ ဖွဲ့စည်း၍ ရန်ပုံငွေများကောက်ခံဆောင်ရွက်ရန် ၊ ရာသီအလိုက်သီးနှံများ သီးထပ်(၃)သီး စိုက်ပျိုး ဆောင်ရွက်ကြရန် ၊ အကျိုးအမြတ်များ ရရှိနိုင်မည့် ဈေးကွက်ဝင် စပါးမျိုးကောင်းမျိုးသန့်နှင့် ဆောင်းသီးနှံများ စိုက်ပျိုးရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ မြေ အမျိုးအစား၊ စိုက်ပျိုးရေ၊ စိုက်ပျိုးနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် သမဝါယမ အသင်းသား တောင်သူများအတွက် လိုအပ်သည့် သွင်းအားစုများအား အချိန်မီရရှိရေး ပေါင်းစပ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး အသင်းသားတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျေးရွာဘက်စုံသုံး ခန်းမတည်ဆောက်နေမှုနှင့် ရေသန့်စင်စနစ်ဆောင်ရွက်နေမှု၊ ရှားစေးဖိုကျေးရွာ၌ ဆင်သေချောင်း ယာယီချောင်းပိတ်ပြီး လျှပ်စစ်ရေတင်လုပ်ငန်းများ လည်ပတ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာ ကျေးရွာ၊ သာယာအေးကျေးရွာတို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး ယခုအခါ ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဆင်သေချောင်းယာယီရေထိန်းဆည် တည်ဆောက်ခြင်း လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်အစိုးရမှ ကျေးရွာနေ ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် နှစ်စဉ်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ရေသုံးစွဲသူအစုအဖွဲ့များ စနစ်ကျဖွဲ့စည်း၍ ရန်ပုံငွေများကောက်ခံဆောင်ရွက်ရန်၊ စိုက်ပျိုးနိုင်သည့်မြေများတွင် ရာသီ အလိုက် သီးနှံများ သီးထပ်(၃)သီး စိုက်ပျိုးဆောင်ရွက်ရန် ဆွေးနွေးပြောကြားပြီး အသင်းသား တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်