ငဖဲ ဒီဇင်ဘာ ၂၉

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဖျက်ဆီးမှု ဆောင်ရွက်နိုင်ရန်အတွက် တောင်ပေါ်ဒေသ ကျေးရွာအုပ်စုများအတွင်းရှိ ဘိန်းစိုက်ခင်းများကို ဒီဇင်ဘာ ၂၅ ရက်မှစတင်၍ ပူးပေါင်းအဖွဲ့များက သွားရောက်ဖျက်ဆီးခဲ့ကြရာ ယနေ့ထိ ဘိန်းစိုက်ခင်း ၂၄ ဒသမ ၅ ဧက ဝိုင်းဝန်းဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

 

ပူးပေါင်းအဖွဲ့(၁)သည် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက မကန်းကျေးရွာ၏ အနောက်တောင်ဘက် တောင်ကမ်းပါးယံ၌ စိုက်ပျိုးထားသော အမြင့် ၈ လက်မမှ ၂ ပေခန့်ရှိ ဖူးပွင့်စ ဘိန်းခင်း ၁၀ ဧကခန့်ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ထော်ဇာကျေးရွာ၏ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ တောင်စောင်းတွင် စိုက်ပျိုးထားသော ဘိန်းပင်သီးပွင့်ဆဲ အမြင့် ၈ လက်မမှ ၂ ပေခန့်အမြင့်ရှိ ဘိန်းပင်သီးပွင့်ဆဲ ဘိန်းခင်း ၇ ဧကခန့် စုစုပေါင်း ၁၇ ဧကကိုလည်းကောင်း ဝိုင်းဝန်းဖျက်ဆီးခဲ့သည်။

 

ထို့အတူ ပူးပေါင်းအဖွဲ့(၂)သည် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ရေဖြူကျေးရွာ၏ တောင်ဘက် ၃ မိုင်ခန့်အကွာ တောင်စောင်းတွင် စိုက်ပျိုးထားသော ဘိန်းပင်ဖူးပွင့်စ အမြင့် ၁ ပေမှ ၂ ပေခန့်ရှိ ဘိန်းခင်း ၂ ဒသမ ၅ ဧကခန့်ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၈ ရက်တွင် ဘို့ကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ တောင်စောင်းတွင် စိုက်ပျိုးထားသော ဘိန်းပင် အမြင့် ၆ လက်မခန့်ရှိ ဘိန်းခင်း ၃ ဧကနှင့် သစ်ဆိမ့်ပင်ကျေးရွာ၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ ဘိန်းပင် အမြင့် ၆ လက်မခန့်ရှိ ဘိန်းခင်း ၂ ဧကခန့် စုစုပေါင်း ဘိန်းခင်း ၇ ဒသမ ၅ ဧကကို ပူးပေါင်း၍ ဝိုင်းဝန်းဖျက်ဆီးခဲ့ကြကြောင်းနှင့် ဆက်လက်၍ ရှာဖွေဖျက်ဆီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မယု(ငဖဲ)