ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၂၉

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂ဝ၂၃-၂၀၂၄ ပညာသင်နှစ်၊​(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၅) အ​ခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား/ကျောင်းသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဠာန် (၄)ချက် ရွတ်ဆိုခဲ့ကြသည်။

 

ဆက်လက်၍ အခမ်းအနားကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်တို့က အမှာစကား အသီးသီးပြောကြားခဲ့သည်။

 

ထို့နောက် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကဖြင့် လည်းကောင်း၊ ဆရာမလေးများက မွန်ရိုးရာအက၊ ရာမညမြေသီချင်းဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးချိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါ အားကစားပြိုင်ပွဲများတွင် ဘော်လီဘော၊ ခြင်းခတ်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲများအပါအဝင် အခြားအားကစားနည်း ပြိုင်ပွဲများကိုလည်း ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးမဥ္ဇူ