မင်းဘူး ဒီဇင်ဘာ ၂၉

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ပန်းခြံလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်ဒေသကြီးဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နေသကဲ့သို့ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အစဉ်ကြိုးစားပြီး ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပေးသော ကွန်ကရစ်လမ်းသည် အ.ထ.က(၂)တွင် တက်ရောက်သည့် ကျောင်းသား/ကျောင်းသူများ၊ ခရိုင်စုပေါင်းရုံးသို့ သွားရောက်ကြသူများနှင့် ပြည်သူ့ပန်းခြံအတွင်း လာရောက် အပန်းဖြေလည်ပတ်ကြသူများ၊ အများဆုံးအသုံးပြုသော လမ်းဖြစ်သည့်အတွက် များစွာအကျိုးရှိသည့်အပြင် လမ်းရေရှည်ကောင်းမွန်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ ၎င်းကွန်ကရစ်လမ်းသစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေးကာ ဧည့်ခံဖျော်ဖြေသည့် မင်းဘူးမြို့ အ.ထ.က(၂)ကျောင်းမှ ဘင်ခရာနှင့်ပန်းပွားမောင်မယ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

 

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော ပန်းခြံလမ်း အကျယ်ပေ ၃၀၊ ထု ၉ လက်မ၊ အရှည်ပေ ၇၀၀ ရှိ ကွန်ကရစ်လမ်းသစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် မင်းဘူးမြို့နှင့် စကုမြို့တို့၌ လမ်းလုပ်ငန်း ၆၉ ခု၊ တံတားလုပ်ငန်း ၃၈ ခု၊ ရေမြောင်းလုပ်ငန်း ၄၇ ခု၊ ရေပေးဝေရေး လုပ်ငန်း ၅၀ ခု အပြင် အခြားငွေလုံးငွေရင်းလုပ်ငန်း ၄၃ ခု၊ စုစုပေါင်းလုပ်ငန်း ၂၄၇ ခုတို့ကို ကျပ်သန်း ပေါင်း ၃၃၂၅ ဒသမ ၆၄၁ ကျပ်သန်းဖြင့်လည်းကောင်း၊ စကုမြို့မဈေးကြီးကို ခွင့်ပြုငွေကျပ်သန်း ၆၀၀ နှင့် မင်းဘူးမြို့ ဂါလံ(၃)သိန်းဆံ့ နမ္မဒါ အုတ်ရေလှောင်ကန်နှင့် ရေပေးဝေရေးလုပ်ငန်းများကို ကျပ်သိန်းပေါင်း ၈၄၀၀ ကျော်တို့ဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေများဖြင့် အသီးသီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ထံမှ သိရသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မင်းဘူးမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ နိုင်ငံတော်အဆင့် ထေရ်ကြီးဝါကြီး ဆရာတော်ကြီး (၉)ပါးအား သွားရောက်ဖူးမြော်ကြည်ညို၍ ဆေးကုသပေးနေမှု များအား ကြည့်ရှုအားပေးကာ အဆင်ပြေချောမွေ့စွာ အခမဲ့ဆေးကုသပေးနိုင်ရေးမှာကြားပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)